အရောင်းပြခန်းများရှိ ၂ဝဝ၃-၂ဝဝ၅ မော်ဒယ်မော်တော်ယာဉ်များ ယခုနှစ်ကုန်ပိုင်းမူလနိုင်ငံများသို့ ပြန်လည်တင်ပို့ ရမည်ဆိုခြင်းကြောင့် အခက်ကြုံ

မော်တော်ယာဉ်ရောင်းချ သူများ အရောင်းပြခန်းများတွင် ကျန်ရှိနေသော ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၅ ခုနှစ် မော်ဒယ်ရှိ ကားများကို ယခုနှစ်ကုန်ပိုင်း မူလနိုင်ငံများသို့ ပြန်လည် တင်ပို့ရမည်ဟုဆိုခြင်းကြောင့် မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်နေသူများအကြား အခက်အခဲဖြစ်ပေါ် နေရကြောင်း သိရသည်။

မော်တော်ယာဉ်အရောင်းပြခန်းများနှင့် တစ်နိုင်တစ်ပိုင်ရောင်း ချသူများလက်အတွင်းရှိ ၂ဝဝ၃ ခုနှစ် မှ ၂ဝဝ၅ ခုနှစ် မော်ဒယ်သက်တမ်း ရှိ ပြည်ပမှ Consignment စနစ် ဖြင့် ရောက်ရှိလျက်ရှိသည့် မော်တော်ယာဉ်များအား ယခုနှစ်ကုန် ပိုင်း၌ မူလနိုင်ငံများသို့ ပြန်လည်ပေးပို့ ရမည်ဆိုခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

”ကားဈေးတွေ မြင့်နေတာကြောင့် အရောင်းအေးတဲ့အပြင် ပါကင်ပါမစ်ကိစ္စတွေ၊ စလစ်ကိစ္စတွေကြောင့် ဝယ်လက် ရှိရင်တောင် ရုတ်တရက် ရောင်းထွက်ဖို့က သိပ်မလွယ်ဘူး။ အရင်ကတည်းကရှိတဲ့ ပြဋ္ဌာန်းချက်ဆိုပေမယ့် ကား လုပ်ငန်းနဲ့ အသက်မွေးနေတဲ့သူတွေ အခက်အခဲမဖြစ်အောင် စီစဉ်ပေးစေချင်တယ်” ဟု ရှင်စောပုယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားတင်သွင်းရောင်းချသူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူအချို့ကမူ အချိန်တစ်ခုပေး၍ ဆောင်ရွက်ပေးသင့်သည့်အပြင် တိကျသည့် မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်ပေးသင့်ကြောင်း ဆိုသည်။

ထို့အပြင် ပြည်တွင်းရှိ အဆိုပါမော်ဒယ်အမျိုးအစား မော်တော်ယာဉ်များကို ဖျက်သိမ်းစာရင်း ထည့်သွင်းပါကလည်း အစားထိုး အိုဟောင်းအပ်နှံခွင့်စလစ်များ ထုတ်ပေးသည့်ပုံစံမျိုးကိုလည်း ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောဆို ကြသည်။

”Consignment စနစ်မှာ သက်ဆိုင်ရာကို ငွေသွင်းပြီး ဒီမှာအရောင်းပြခန်းတွေ ဖွင့်တယ်။ ဂျပန်က ကားတွေကို လေလံစနစ်နဲ့ တင်သွင်းတယ်။ ရောင်းထွက်ပြီးမှ ရှင်းရုံပဲ။ အတင်စနစ်လိုပေါ့။ ဒီအတိုင်းဆိုရင် ဈေးတွေလျှော့၊ အရှုံးခံပြီးတော့ ရောင်းဖို့ပဲရှိပါတော့တယ်။ တစ်ပိုင်တစ်နိုင် ဝယ်ရောင်းတွေက Consignment ပါမစ်ရတဲ့အရောင်း ပြခန်းတွေကတစ်ဆင့် ယူပြီးရောင်းကြရတာ များပါတယ်။ အားကိုးနဲ့ ရောင်းရတာကြောင့် ၂ဝဝ၃-၂ဝဝ၅ မော်ဒယ် ကိုင်ထားတဲ့သူအားလုံး ထိခိုက်နိုင်ပါတယ်”ဟု motors.com.mm မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

# FlowerNewsJournal


Leave a Reply