စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၂ လခန့် အနားယူရ ဖွယ်ရှိ

football_5

စက်တင်ဘာ ၂၀၊ အင်္ဂလန်

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၂ လခန့် အနားယူရတော့မည် ဖြစ်သောကြောင့် စပါးအသင်း အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် စပါးအသင်းအတွက် ၁ လုံး တည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းသည် ဆန်းဒါးလန်းကစားသမား ဂျီလိုဘော့ဂျီထံမှ ဘောလုံးကို ဖျက်ထုတ်ရန်ကြိုးစားရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဟယ်ရီကိန်း၏ ဒဏ်ရာကို တနင်္လာနေ့က ဓာတ်မှန်ရိုက်ပြီး ဆေးစစ်မှုများ ၂ ကြိမ် ပြုလုပ်ခဲ့ရာတွင် ခြေကျင်းဝတ် အရွတ် ထိခိုက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ပုံမှန်အားဖြင့် ခြေကျင်းဝတ် ဒဏ်ရာရရှိသူများသည် ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရလေ့ရှိပြီး ကိန်း၏ ထိခိုက်မှုမှာ ပြင်းထန်သည့်အတွက် စပါးအသင်းက စိုးရိမ်ပူပန်လျက် ရှိသည်။

ယခုဒဏ်ရာကြောင့် ဟယ်ရီကိန်းသည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၀င်ဘလေကွင်း၌ စကော့တလန်အသင်းနှင့် ကစားရမည့် အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

ဟယ်ရီကိန်း ဒဏ်ရာရရှိသွားသည့်အတွက် အယ်လ်ခမာအသင်းမှ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူးသစ် ဗင်းဆင့်ဂျန် ဆန်က စပါးအသင်း၏ တိုက်စစ်ကို ဦးဆောင်ခွင့်ရရှိတော့မည် ဖြစ်သည်။ အသက် ၂၂ နှစ် အရွယ်ရှိ တိုက်စစ်မှူး ဂျန်ဆန်သည် စပါးအသင်းတွင် ဟယ်ရီကိန်း ရှိနေခြင်းကြောင့် အချိန် အကန့်အသတ်ဖြင့်သာ ပွဲထွက်ခွင့် ရရှိနေသူ ဖြစ်သည်။

-Ref; goal.com


Leave a Reply