ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အား ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုသင့်သည့် အရေးကြီးအဆိုကို ကန့်ကွက် သူမရှိ အတည်ပြု

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုသင့်သည့် အရေးကြီးအဆိုအား ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်ကပြုလုပ်သည့် ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့ ကြပြီးနောက် ယခုကဲ့သို့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီကော်မရှင်ဟာ တည်ဆဲဥပဒေကို ကျော်လွန်ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် စတင်ဖွဲ့စည်းစဉ်ကပင် အလို အလျောက် ပျက်ပြယ်ပြီးလည်းဖြစ်ပါတယ်။ တရားဝင်မှုမရှိလို့ အသိအမှတ်လည်းမပြုဘူး။ အဲဒီကော်မရှင်ကို ဖျက်သိမ်းတာ အကောင်းဆုံးပါပဲ ” ဟု အဆိုအား ထောက်ခံဆွေးနွေးခဲ့သူ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်ကပြောသည်။

ယင်းအဆိုကို ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

” မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များအားလုံးကို ရခိုင်ပြည်နယ် လွှတ်တော်က အတည်မပြုသင့်ကြောင်း အရေးကြီးအဆို ” အား စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် စစ်တွေ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

” ဒီအဆိုက သမိုင်းမှာ သိပ်အရေးကြီးတဲ့အဆိုဖြစ်ပါတယ် ” ဟု လည်း ဦးကျော်ဇောဦးကပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ကို နိုင်ငံခြားသား သုံးဦးနှင့် မြန်မာနိုင်ငံသား ခြောက်ဦးတို့ဖြင့် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံး ပတ်က နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ခန့်အပ်ခြင်းမှာ ရခိုင်ပြည်သူ လူထု၏ သဘောထားကို ရယူခဲ့မှုမရှိဟုဆိုကာ ရခိုင်လူထုက အဆိုပါကော်မရှင်အား အလိုမရှိဖြစ်နေကြသည်။

#Democracytoday


Leave a Reply