ဆီးရီးယားအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရသေးဟု ကာ့ဒ်တပ်ဖွဲ့ပြော

ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့၌ ကာ့ဒ်တပ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရရှိသွားပြီဟု အစိုးရစစ်တပ် က သြဂုတ် ၂၁ ရက်တွင် ပြောကြားသော်လည်း သဘောတူညီမှု မရရှိသေးကြောင်း ကာ့ဒ်တပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

ဟာဆာကာမြို့၌ ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ် တပ်ဖွဲ့တို့အကြား သြဂုတ် ၁၇ ရက်ကစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

နှစ်ဖက်တင်းမာမှုများ ပြေလျော့စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ရုရှားကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၀ ရက် တွင် ကာမစ်ရှ်လီမြို့သို့ ရောက်ရှိခဲ့သည်။

 ရုရှားကိုယ်စားလှယ်အဖွဲ့ ကြားဝင် ညှိနှိုင်းပေးခဲ့ပြီးနောက် ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့တို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ဆီးရီးယားစစ်ဘက် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသတင်းအား ပြောသည်။

အချက်သုံးချက်ပါ သဘောတူညီမှုတွင် အပစ်အခတ်ရပ်စဲရန် သြဂုတ် ၁၇ ရက်ကတည်းက ကာ့ဒ်တပ်ဖွဲ့များ သိမ်းပိုက်ခဲ့သောစခန်းများကို အစိုးရတပ်ဖွဲ့များ လက်သို့ ပြန်လည်လွှဲပြောင်းပေး ရန်နှင့် ကျဆုံးစစ်သည်များ၏ အလောင်းများကို ကာမစ်ရှ်လီမြို့ မြောက်ပိုင်းသို့ ပို့ပေးရန်ဟူသော အချက်များပါဝင်သည်ဟု ဆီးရီးယား စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

သြဂုတ် ၂၂ ရက်တွင် နောက်ထပ်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် မည်ဟု အဆိုပါသတင်းရင်းမြစ် က ပြောသည်။

 သို့ရာတွင် ကာ့ဒ်တပ်ဖွဲ့ သတင်းရင်းမြစ်က မည်သည့် သ ဘောတူညီချက်မျှ ရရှိခြင်းမရှိဟု အေက်ဖ်ပီသတင်းအား ပြော ကြားပြီး သြဂုတ် ၂၂ ရက်တွင် နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားသည်။

သြဂုတ် ၁၇ ရက်ကစ၍ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အရပ်သား ၂၇ ဦး အပါအ၀င် လူ ၄၃ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောသည်။

တိုက်ပွဲများ ဖြစ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်၍ မုန့် တိုက်များ ပိတ်သွားပြီဖြစ်သော ဟာဆာကာမြို့မှ အရပ်သား ထောင်ပေါင်းများစွာ ထွက်ခွာသွားပြီဖြစ်သည်။

—Ref: AFP


Leave a Reply