တူရကီနဲ့ ဆီးရီးယား ငလျင်သေဆုံးသူ ၄၆၀၀၀ ဦး ကျော်လွန်လာ

တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၄၆ ၀၀၀ ဦးကျော်လွန်လာခဲ့ပြီ ဖြစ်ပေမယ့်လည်း တူရကီနိုင်ငံ တစ်နိုင်ငံတည်းမှာ တိုက်ခန်းတွဲ ၃၄၅၀၀၀ ပြိုကျခဲ့တာကြောင့် သေဆုံးသူ စာရင်း မြင့်တက်လာဦးမယ်လို့ မျှော်လင့်နေကြပါတယ်။

တူရကီ က သူ့မြေပေါ်မှာ ဖြစ်ခဲ့တဲ့ အဆိုးရွားဆုံး ဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာပဲ ဆီးရီးယားမှာတော့ ငလျင်ဒဏ်ခံခဲ့ရသူတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုများလာခဲ့ကာ ဒုက္ခတွေ့နေသူတွေကို ကူညီကယ်ဆယ်နိုင်ရေး နယ်စပ်ဝင်ပေါက်တွေကို ဖွင့်ပေးဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး က နိုင်ငံအနောက်ပိုင်းမြောက်ပိုင်းက အာဏာပိုင်တွေကို ဖိအားပေးနေရပါတယ်။

မြေငလျင် လှုပ်ခတ်ပြီး ၁၂ ရက်အကြာမှာ တူရကီနိုင်ငံ အန်တက်ယာမြို့မှာ ကာဂျစ်စတန်နိုင်ငံ က ကယ်ဆယ်ရေး လုပ်သားတွေက အဆောက်အဦး အပျက်အဆီးတွေအောက်ကနေ မိသားစု ငါးဦးကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဖေနဲ့ ‌အမေ လူကြီးနှစ်ဦးကို ပဲ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ လူအားလုံး လှုပ်ရှားမှု လုံးဝ မလုပ်ဘဲ စုပေါင်း ငြိမ်သက်ဒူးထောက်နေခဲ့ပြီးမှ မိသားစုရဲ့အော်သံကို ကြားရပြီး တည်နေရာကို သိရှိခဲ့ပါတယ်။

တူရကီ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ အရေးပေါ်ဌာန အကြီးအကဲ ယူနွတ်စ်ဆီဇာ ကတော့ ကယ်ဆယ်ရေးလုပ်ငန်း အများစုကို ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာ ရပ်တန့်သွားတော့မယ်လို့ ပြောကြားပါတယ်။

တူရကီ နိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၄၀၆၄၂ ဦးရှိကာ ဆီးရီးယားနိုင်ငံမှာတော့ သေဆုံးသူ စာရင်း က ၅၈၀၀ ဦးမှာ ရက်ပေါင်းများစွာ တန့်နေပါတယ်။

-Ref: Reuters