ချန်ပီယံဆုဖလားရယူနိုင်ရန် မျှော်လင့်နိုင်ဟု တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ မျှော်လင့်နိုင်ကြောင်း မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောကြား လိုက်ပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ပွဲစဉ်မှာ လက်စတာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ် ပေးဇယားပထမနေရာက အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး ၅ မှတ်အကွာ၊ ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ် ကွာအနေအထားကိုရောက်ရှိလာခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံ မျှော်လင့်ချက်ရှိနေပြီလားဆိုတဲ့ စကိုင်းစပေါ့ရုပ်သံရဲ့ မေးမြန်းမှုအပေါ် ရက်ရှ်ဖို့ဒ်က မျှော်လင့်ချက်ရှိ နေပြီဖြစ်ပြီး အရင်ကထက်ပိုမိုနီးစပ်လာတယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

“ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တာသေချာတာပေါ့။ ကျနော်တို့ ထိပ်ဆုံးက နှစ်သင်းနဲ့ နီးကပ်လာပါပြီ။ တချိန်တည်းမှာပဲ ပြိုင်ဘက်နှစ်သင်းစလုံးကလည်း အမှန်တကယ်ခြေစွမ်းပြနေလို့ ကျနော်တို့ဘက်က ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်ဆောင်သွားဖို့လိုတယ်။ အမှတ်တွေ စုဆောင်းနိုင်လာတာနဲ့အမျှ ချန်ပီယံ မျှော်လင့်ချက်ကလည်း ဖြစ်လာနိုင်တယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လက်စတာနဲ့ ပွဲမှာ ၂ ဂိုးသွင်းခဲ့လို့ ပရီးမီးယားလိဂ် ၁၄ ဂိုးအထိရှိလာခဲ့ပြီး ပြိုင်ပွဲစုံမှာတော့  ၂၄ ဂိုး အထိ သွင်းယူ ထားပြီးဖြစ်ပါတယ်။