၂၁ ရာစုပင်လုံသည် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သင့်

၂၁ ရာစုပင်လုံညီလာခံသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်သင့်ကြောင်း ဇူလိုင် (၂၇) ရက်မှ သြဂုတ် (၁) ရက်အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ခြောက်ရက်ကြာပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံမှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၂၁ ရာစုပင်လုံညီလာခံသည် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်သည့် အတွက် တိုင်းရင်းသား ဒေသများအတွင်း စစ်ဆင်မှုကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်သည့် ဆွေးနွေးပွဲဖြစ်သင့်ကြောင်း ထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံပြောရေးဆိုခွင့်ရှိ သူ ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ဦးက “၂၁ ရာစု ပင်လုံ ညီလာခံ မှာ လူငယ်တွေ ရဲ့အခန်းကဏ္ဍကို သီးသန့်ပါဝင်စေချင်တယ်။ အဲ့ဒီလိုအခန်း ကဏ္ဍတစ်ခုအနေနဲ့ သီးသန့်ပါဝင်တာမျိုးမဟုတ်ရင်တောင်မှ အချိန် သီးသန့်တစ် ခုသတ်မှတ်ပြီး လူငယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာလူငယ်တွေ ပါဝင်ခွင့်အတွက် အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ ဆုံဆွေးနွေးဖို့လုပ်သွားမယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးကာလအတွင်း အကြီးစား သယံဇာတထုတ်ယူသုံးစွဲမှု စီမံကိန်းများ အားလုံးကို ရပ်တန့်ထားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံမှ ထည့်သွင်း ထုတ်ပြန် ခဲ့သည်။

နိုင်ငံရေးပြဿနာတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေမဖြေရှင်းနိုင်တာက သယံဇာတ ထုတ်ယူသုံးစွဲတဲ့ ကိစ္စတွေနဲ့လည်း သက်ဆိုင်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ မှတ်တမ်းတွေကောက်မယ်။ ပါဝင်ပတ်သက်တဲ့ stakeholders တွေကိုလည်း ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်” ဟု ခွန်ဦးက ဆက်လက်ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်ရရှိနိုင်ရန်နှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့တက်ရောက်လာသည့်တိုင်းရင်းသားလူမျိုး ၂၆ မျိုး မှစာတမ်း ၂၂ စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံတွင် တိုင်းရင်းသားလူမျိုး ခြောက်မျိုးမှ ကိုယ်စားလှယ် ၅၂၄ ဦး၊ လေ့လာသူ ၈၆ ဦး၊ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် ပညာရှင်များ၊ ဦးဆောင်ဆွေးနွေး သူများ စုစုပေါင်း ၇၆၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

‪#‎Democracytoday


Leave a Reply