နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းထားသူ ၃၁ ဦးကို ပယ်ဖျက်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းထားသူ ၃၁ ဦးကို ပယ်ဖျက်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်ပျက်စာရင်းသွင်းထားသူ ၄၁ ဦးရှိပြီး ယခုပယ်ဖျက်ပေးခဲ့သည့် ၃၁ ဦးထဲမှ အများစုမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်း များဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေး နှင့် ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက သြဂုတ် (၂) ရက်တွင် ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

” အန်တီသဘောပေါက်ထားတာကတော့ နိုင်ငံရေးပြစ်မှု တစ်ခုတည်းသက်သက်ကြောင့် ထည့်ထားတဲ့သူတွေ ဆိုရင်တော့ ဒါမဖြစ်သင့်တော့ဘူး။ အဲဒီလိုမျိုး အကြောင်းပြချက်မျိုးကြောင့် ဖယ်ပေးနိုင်တာကို ဖယ်ပေးတာ” ဟု ဒေါ်အေးအေးစိုး က ပြောသည်။ နိုင်ငံအသီးသီးရှိ သံရုံးများတွင် တာဝန်ထမ်းဆောင်ရင်း မြန်မာနိုင်ငံသို့ ပြန်မလာ တော့ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ နိုင်ငံရေးခို လှုံခွင့်တောင်းပြီးနောက် နိုင်ငံသားခံယူကာ နေထိုင်ကြသူများနှင့် မိသားစုဝင်များရှိကြောင်း ယခုအမည် ပျက်စာရင်းပယ်ဖျက်ပေးခြင်းမှာ နိုင်ငံရေးအရ သီးသန့်အမည်ပျက်စာရင်း သွင်းခံရသူများကိုသာ ပယ်ဖျက်ပေးခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

အမည်ပျက်စာရင်းပယ်ဖျက်ပေးရန် ကျန်ရှိနေသေးသည့်ဆယ်ဦးမှာ နိုင်ငံရေးနှင့်မသက်ဆိုင်ဘဲ တခြားသော အကြောင်းအရာများဖြင့် အမည်ပျက်စာရင်း သွင်းခံရသူများဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း တိုက်ရိုက် သက်ဆိုင်ခြင်းမရှိကြောင်း၊ ယင်းတို့ကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန်မှာ ၎င်းတို့၏ နောက်ကြောင်းကို လေ့လာရဦးမည်ဖြစ်ကြောင်း၊ တခြားသောပြစ်မှုရှိထားသူများကို ပယ်ဖျက်ပေးရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အမည်ပျက်စာရင်းပယ်ဖျက်ပေးပြီးသားသူတွေကတော့ မြန်မာပြည်ကို ပြန်လာချင်တယ်ဆိုရင် သူတို့က နိုင်ငံခြား သားဖြစ်သွားပြီဆိုရင်လည်း ဗီဇာတွေလျှောက်ပြီး ၀င်လာလို့ရတာပေါ့။ အရင်တုန်းက ဗီဇာထုတ်ပေးခွင့် မရှိဘူး လေ။ အမည်ပျက်စာရင်းမှာပါနေလို့။ အခုကျတော့ လွတ်လွတ်လပ်လပ် ပြန်လာပြီး ၀င်ထွက်ဆက်ဆံလို့ ရတာ ပေါ့” ဟု ဒေါ် အေးအေးစိုးကပြောသည်။

#‎Democracytoday


Leave a Reply