တန်းတူရေးနှင့် ဖက်ဒရယ်ကိုလက်ခံသည်ဆိုပါက ဗမာအားလုံးအား ကိုယ်စားပြုနိုင်မည့်ပြည်နယ် မလိုအပ်ဘူးလား ဆိုသည်ကို ဗမာတိုင်းရင်းသားများအနေဖြင့် စဉ်းစားသင့်ဟု မိုင်ဂျာယန် အစည်းအဝေး၏ UNA ကိုယ်စားလှယ် ပြောကြား

တန်းတူရေးနှင့် ဖက်ဒရယ်ကိုလက်ခံသည်ဆိုပါက ဗမာအားလုံးကို ကိုယ်စားပြုနိုင်မည့်ပြည်နယ် မလိုအပ်ဘူးလား ဆိုသည်မှာ ဗမာတိုင်းရင်းသားများ အနေဖြင့်စဉ်းစားသင့်ဟု  မိုင်ဂျာယန်အစည်းအဝေး၏ UNA ကိုယ်စားလှယ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၂၆) ရက်မှ (၃၀) ရက်အထိ ကချင် ပြည်နယ် မိုင်ဂျာယန်ဒေသ၌ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ပါတီဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စား လှယ် စိုင်းကျော်ညွန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုင်းကျော်ညွန့်က “ပြည်နယ်ကိစ္စနဲ့ပတ်သက်ရင်တော့ ဒီမှာဆွေးနွေးကြတာ အဓိကက ဗမာပြည်နယ် ဖွဲ့စည်းရေးပါတယ်။ နောက်ပြီး တခြားအမျိုးသားများ ပြည်နယ်ဆိုတဲ့ ပုံစံနဲ့ ဆွေးနွေးကြတာရှိပါတယ်။ ဒါပေမဲ့ အပြီးအပြတ်ကြီးတော့ ဘယ်နှစ်ပြည်နယ်ဆိုပြီးတော့ အတိအကျထွက်တာတော့ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ တန်းတူရေးဆိုတာကို သွားတဲ့အချိန်မှာ။ ပြီးတော့ ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုတဲ့အချိန်မှာ ကိုယ်စားပြုမှုကတော့ တူတယ်လေ။ အဲဒီတော့ ဘယ်ပြည်နယ်မှာ ဥပမာ ကျွန်တော်တို့ ရှမ်း ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားများအားလုံးပေါ့လေ။ ဟိုတုန်းကတော့ Federated Shan State ရှိခဲ့ တယ်လေ။ အခုရှမ်းပြည်နယ်ပေါ့လေ။ အဲဒီလိုရှိသလို ကျွန်တော်တို့ ဗမာအားလုံးကိုကိုယ်စားပြုနိုင်မယ့် ပြည်နယ် ရောမလိုအပ်ဘူးလားလို့။ ဒါက ဗမာတိုင်းရင်းသားများအနေနဲ့ စဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒါရှိသင့်တယ်လို့ လည်း မြင်ပါတယ်။ ကျွန်တော်တို့ တန်းတူရေးကို သွားတဲ့ အချိန်မှာ။ ဒါမှမဟုတ်ရင် နိုင်ငံရေးအရ တန်းတူရေးကို ဘယ်လို ဖော်ဆောင်မလဲပေါ့။ တန်းတူရေးကို လက်ခံတယ်။ ဖက်ဒရယ်ကို လက်ခံတယ် ဆိုရင်တော့ဖြင့် ဒါတွေက စဉ်းစားရမယ့် အချက်တွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ယင်းကိစ္စများသည် အနာဂတ်တွင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်ကချမှတ်ထားသည့် မူဖြစ်သောကြောင့် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းရမည့်ကိစ္စဖြစ်သည်ဟုလည်း မိုင်ဂျာယန်အစည်းအဝေး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ်က ဆိုသည်။

ဆက်လက်၍ ခူဦးရယ်က “နောက်အချက်က အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်ကြမယ်ဆိုတဲ့ အခြေခံ သဘောထားကလည်း ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ တူညီတဲ့သဘောထားတစ်ခုရပြီးမှပဲ အခြေခံ ဥပဒေကို ညှိနှိုင်းဆောင်ရွက်ကြတဲ့အခါမျိုးတွေမှာ ပြည်နယ်တွေကို ဘယ်လိုစုဖွဲ့ကြမလဲ၊ ဘယ်လိုညှိနှိုင်း ဆောင် ရွက်ကြမလဲဆိုတဲ့ အဖြေကတော့ နောက်ဆက်တွဲကိစ္စပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုနေအခါမှာ တော့ တကယ်လို့ မပြေလည်ဘူးဆိုရင် ဘယ်လိုဆက်လက်ညှိနှိုင်းဆောင်ရွက်မလဲ။ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်နဲ့ပဲ သွားရမှာပါပဲ။ အားလုံးသဘောတူ လက်ခံနိုင်တဲ့ အဆင့်နဲ့ ကြေလည်တဲ့အထိ ညှိနှိုင်း ဆောင်ရွက် ကြရမှာပါပဲ” ဟု ပြောကြားသည်။

တိုင်းရင်းသားများအနေဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီအခွင့်အရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် အခြေခံများဖြင့် တည်ဆောက်ရန်တောင်းဆိုနေခြင်းဖြစ်ပြီး ခွဲထွက်ရေးကို မည်သည့်အဖွဲ့မှ တောင်းဆိုခြင်းမရှိဟု မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်း အဝေး ဦးဆောင်ကော်မတီဝင် နိုင်ဟံသာက ပြောကြားသည်။

မိုင်ဂျာယန်အစည်းအဝေးတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အသေးစိတ် ဆက်လက်ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဆွေးနွေးမှုတွင်လည်း လက်ရှိ အမျိုးသားပြည်နယ် ခုနစ်ပြည်နယ်အပြင် တိုင်းဒေသကြီး အချို့ကိုလည်း အမျိုးသား များပြည်နယ်အဖြစ် နာမည်ပေးရန် ရည်ရွယ်ထားကြောင်းလည်း မွန်ပြည်သစ်ပါတီ (NMSP) ၏ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်သူ နိုင်ဟံသာက ပြောကြားထားသည်။

နိုင်ဟံသာက “ကျွန်တော်တို့ ရည်ရွယ်တာကတော့ လက်ရှိ အမျိုးသားပြည်နယ် ဥပမာ ကချင်၊ ကရင် ရှမ်း စသဖြင့် ပေါ့ ခုနစ်ပြည်နယ်ရှိပြီးသား။ နောက်တချို့ တိုင်း ဒေသကြီးအနေနဲ့ ဖွဲ့စည်းထားတဲ့ခွင်တချို့ပေါ့ဗျာ ဥပမာ တနင်္သာရီ တိုင်းတို့ ဧရာဝတီတိုင်းတို့ အဲဒီခွင်တွေမှာ အဲဒီတိုင်းဒေသကြီးတွေမှာ လူမျိုးပေါင်းစုံနဲ့ စုစည်းထားတဲ့ အနေအထား ဖြစ်တော့ လူမျိုးတစ်မျိုးတည်းရဲ့ နာမည်ကိုတပ်ရင် ဒါက မပြည့်စုံဘူး။ အဲဒီလို အနေအထားမျိုးမှာ အမျိုးသားများ ပြည်နယ်ဆိုပြီးတော့မှ နာမည်ပေးဖို့ဖြစ်တယ်။ လောလောဆယ် ကျွန်တော်တို့ လျာထားတာက တနင်္သာရီတိုင်း ရယ်၊ ဧရာဝတီတိုင်းရယ် နောက်စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းချင်းတွင်းမြစ် အထက်ပိုင်းပေါ့ဗျာ အဲဒီခွင်ကိုလည်း ကျွန်တော်တို့ လျာထားပါတယ်” ဟု ရှင်းပြခဲ့ထားသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ စုစုပေါင်း ၁၇ ဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် စုဖွဲ့ထားသည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ တိုင်းရင်သား ညီနောင်ပါတီများ ဖက်ဒရေးရှင်း (NBF) စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

Eleven


Leave a Reply