ဝါဆိုလပြည့်နေ့တွင် မြန်အောင်မြို့နယ်ပါတီ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၁၉ရက်) က အသံမစဲ မဟာပဋ္ဌာန်းကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

Myan Aung


နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများသည် မြန်အောင်မြို့ (၆)ရပ်ကွက်ရှိ အာဇာနည် အထိမ်းအမှတ်ကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေချ ချီတက်အလေးပြုရာသို့ မြန်အောင် ပြည်ခိုင်ဖြိုးပါတီမှ အင်အား (၁၅ဝ) တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ မဟာပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

”ခုလို အသံမစဲမဟာပဋ္ဌာန်းကို နှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်းမှာ ကျွန်တော်တို့အဖွဲ့ဝင်တွေ ရွတ်ဖတ် ပူဇော်ကြပါတယ်”ဟု ပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

”အာဇာနည်နေ့နဲ့တိုက်တယ်ဆိုပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာနေ့တစ်နေ့ ဖြစ်တဲ့ ခုလိုဝါဆိုလပြည့်နေ့မှာ မဟာပဋ္ဌာန်းကိုရွတ်ဖတ်ပူဇော်ရတာပါ” ဟု ရွတ်ဖတ်ပူဇော်ပွဲတွင်ပါဝင် သူတစ်ဦးက ပြောသည်။

အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို ယခုလို ဝါတွင်းကာလများ၊ ဗုဒ္ဓ၏နေ့ထူးနေ့မြတ်များတွင် ကျင်းပသွားမည်ဟု မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply