ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဗဟန်းမြို့နယ် ပါတီကော်မတီဝင် အသစ်များနှင့် တွေ့ဆုံ လမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်လာလျှင် အရေးကြီးသည့် အချက်မှာ ယုံကြည်မှုဖြစ်ပြီး ယုံကြည်မှုအတိုင်း ပါဝင်ဆောင်ရွက်သည့် ခံယူချက်နှင့် ပါတီဝင်များ၏ စည်းရုံး ရေးစွမ်းရည်မှာ အရေးကြီးသည့် အချက်များဖြစ်ကြောင်း ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

Bahan2

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး၌ ဇူလိုင်လ (၁၁) ရက် မွန်းလွဲ ၁ နာရီကကျင်းပသည့် မြို့နယ်ပါတီ ကော်မတီဝင် အသစ်များနှင့်တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”ပါတီဝင်တစ်ဦးဖြစ်လာရင် ပါတီနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို သိထားဖို့လိုပါ တယ်။ ပါတီဟာ ပါတီဝင်တွေနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပါတီဝင်မရှိရင် ပါတီ ဟာလည်း ရှိမှာမဟုတ်ပါဘူး။ ပါတီဝင်တွေက ပါတီကချမှတ်ထားတဲ့ မူဝါဒတွေဟာ ပြည်သူတွေအကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဝင်ရောက်လာသူ တွေဖြစ်တယ်။ ယုံကြည်မှုမရှိရင် ပါတီဝင်အဖြစ်မှ အလိုအလျောက် ဆုံးရှုံးပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌက ”ယုံကြည်မှု၊ ယုံကြည်တဲ့အတိုင်း လိုက်လုပ်ခြင်းဟာ ခံယူချက်ဖြစ်တယ်။ တတိယအရေးကြီးတာကတော့ စည်းရုံးရေးဖြစ်တယ်။ စည်းရုံးရေးက မိမိတို့ယုံကြည်သလို အခြားသူတွေ ယုံကြည်အောင် မိမိတို့နဲ့ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်တယ်။ ပါတီဝင်တစ်ဦးနဲ့တစ်ဦးကလည်း အရည်အချင်း မတူနိုင်ပါဘူး။ အရည်အချင်းတူသူတွေကို ယုံကြည်မှုနဲ့ စုစည်းထားပါတယ်။ မိမိတို့အရည်အချင်းအလိုက် စုစည်းပြီး ပေါင်းစပ်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အဓိကကတော့ ပါတီရှင်သန်ခိုင်မာ ရေးပင် ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး စုစည်းညီညွတ်ကြဖို့ လိုတယ်။ ဂိုဏ်းဂဏဖွဲ့ခြင်းတွေကို ရှောင်ရှား ဖို့လိုတယ်။ အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ကြပါ”ဟု ပြောကြားသည်။

အဆိုပါ မြို့နယ်ပါတီကော်မတီဝင်အသစ်များနှင့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်း၊ အနောက်ပိုင်းခရိုင် အတွင်းရေးမှူး ဦးနေဝင်း နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင်သစ်များက တစ်ဦးချင်း မိတ်ဆက်ကာ ပါတီ ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယူဒီနေ၊ မြင့်ဦး


Leave a Reply