ပါတီကိစ္စများ လျင်မြန်စွာ ဆုံးဖြတ်နိုင်ရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင် ဦးရေ လျှော့ချမည်

ရခိုင်အမျိုးသားပါတီသည် ပါတီရေးရာကိစ္စရပ်များ ဆုံးဖြတ်ရာတွင် လျင်မြန်သွက်လက်စေရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့ဝင် အရေ အတွက် လျှော့ချဖွဲ့စည်းရေး စီစဉ်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။

ByaLa

ရခိုင်အမျိုးသားပါတီသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၃၉) ဦးနှင့် ဗဟိုကော်မတီဝင် (၁၁၁) ဦးတို့ ရှိနေသဖြင့် အရေအတွက်များပြားနေပြီး ပါတီရေးရာ ကိစ္စရပ်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု အားနည်းနေသည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ အရေအတွက် လျှော့ချဖွဲ့စည်းနိုင်ရေးကို လာမည့် ဇူလိုင် (၁) ရက်နှင့် (၂) ရက်တို့တွင် ကျင်းပမည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ထည့်သွင်း ဆွးနွေးမည်ဖြစ်သည်။

‘‘ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ သဘောထားကို မေးကြည့်မယ်။ ပြီးရင်တော့ ပါတီညီလာခံမှာ အဖွဲ့ဝင်ဦးရေ အရေအတွက် ကို လျှော့ချဖို့ တင်ပြရမယ်။ ညီလာခံရဲ့ သဘောတူညီချက်နဲ့မှ လုပ်လို့ရမှာပါ’’ ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ များပြားနေသဖြင့် အစည်းအဝေးကျင်းပရာတွင် လူစုံ မတက်ရောက်နိုင်သည့်အခြေအနေများကို မကြာခဏ ကြုံတွေ့လာ ခြင်းနှင့် များပြားနေသော အဖွဲ့ဝင်ဦးရေ လျှော့ချ၍  ပါတီလုပ်ငန်းများကို ကျစ်ကျစ်လျစ်လျစ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေးအတွက် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့ဝင်ဦးရေ အရေအတွက်ကို လျှော့ချဖွဲ့စည်းရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီသည် လာမည့် ၂၀၁၇ အတွင်း ပါတီညီလာခံတစ်ရပ်ကျင်းပရန် စီစဉ်ထားပြီး ဇူလိုင် (၁) ရက်နှင့် (၂) ရက်တို့တွင် ကျင်းပမည့် အစည်းအဝေး၌ ပါတီညီလာခံကျင်းပမည့် အချိန်ကာလ အတိအကျသတ်မှတ်နိုင်ရေး ဆွေးနွေးကြမည်ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့၌ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်နေရာ (၄၀) ကျော် ရရှိ ထားသည်။

7 Day Daily


Leave a Reply