ကိုးကွယ်သည့်ဘာသာကို အစွဲပြု၍ အမည်သစ်ခေါ်ဝေါ်စေခြင်း အခြေခံဥပဒေနှင့် မညီဟု ANP သဘောထားထုတ်ပြန်

ကိုးကွယ်သည့်ဘာသာကိုအစွဲပြ၍ အမည်သစ်ခေါ်ဝေါ်သုံးစွဲခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းသည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)က သဘောထားထုတ်ပြန်သည်။

(၃၂)ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ‘‘ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း’ ဟု သုံးနှုန်းရန် အစိုးရက တိုက်တွန်းခြင်း နှင့်ပတ်သက်၍ ANP က ဇွန်လ (၂၁) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဆင့်ဆင့် ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေသည့်အချိန်တွင် ယင်းကဲ့သို့ အမည်သစ်တစ်ခု တင်ပြဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံသားစိစစ်ရာ၌ အခွင့်ကောင်းရရှိနိုင်ရန် အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ANP က ဆိုသည်။

ထို့အပြင် ကိုးကွယ်သည့် ဘာသာရေးကိုအစွဲပြု၍ လူမျိုးအမည်အဖြစ် အုပ်စုခွဲကာ အမည်သစ် ခေါ်ဝေါ်သုံးစွဲရန် ဆောင်ရွက်ခြင်းသည် ‘‘နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံး စားမပြုရ၊ ထို့အပြင် လူမျိုးရေး ကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်း ကောင်း တစ်ဖက်တစ် ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်ပြုခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာ စေရန် ရည်ရွယ် သော (သို့မဟုတ်) ပေါ်ပေါက် လာရန်အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်’’ ဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နှင့် ငြိစွန်းသည့် ဆောင်ရွက်ချက်ဟု ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ANP အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ‘‘ဘင်္ဂါလီလူမျိုး’’ ဟုသာ ဆက်လက်သုံးစွဲ မည်ဖြစ်ပြီး ‘‘ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း’’၊ ‘‘ရခိုင်ပြည်နယ်မှ အစ္စလမ်ဘာသာ ကိုးကွယ် သူများ’’ ဟု ခေါ်ဝေါ်သုံးစွဲခြင်းကို လုံးဝလက်မခံကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ၊ ရိုဟင်ဂျာအသုံးအနှုန်းများ နောက်တွင် နိုင်ငံရေးနှင့် စိတ်ခံစားမှုဂယက်များရှိနေပြီး မီးလောင်ရာ လေပင့်စေသည့် မည်သည့် အသုံးအနှုန်းကိုမဆို အစိုးရအနေဖြင့် ရှောင်ရှားလိုကြောင်းနှင့် အငြင်းပွားဖွယ် တင်းမာစေသည့် အသုံး အနှုန်းများကြောင့် ကျိုးကြောင်း ယုတ္တိရှိသောဖြေရှင်း နည်းတစ်ရပ်ရှာဖွေရာတွင် လွန်စွာခက်ခဲစေ သဖြင့် ယင်းအသုံးအနှုန်းကို မသုံးနှုန်းလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မေလ (၂၂) ရက်က တွေ့ဆုံစဉ် ရှင်းလင်းပြောကြားထားသည်။

7 Day Daily


Leave a Reply