မိုဘိုင်းဆင်းမ်ကတ်များအားလုံး ၂၀၁၇ မတ်လမကုန်မီ မှတ်ပုံတင်အသုံးပြုရန်သတ်မှတ်၊ မှတ်ပုံမတင်သည့် ဆင်းမ်ကတ် များကို သုံးစွဲမှု ယာယီပိတ်မည်

ဆက်သွယ်ရေးအော်ပရေတာသုံးခု၏ မိုဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လ ကုန်တွင် ယာယီရပ်စဲမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဆင်းမ်ကတ် အသုံးပြုသူ တိုင်းမှတ်ပုံတင်ရန် (SIM Card Registration) အော်ပရေတာများနှင့် ကြိုတင်ညှိနှိုင်းခဲ့ပြီး ရောင်းချ ပြီးသော ကတ်များအားလုံး မှတ် ပုံတင်ခြင်းပြုလုပ်နိုင်သည့် အချိန်ကာလတစ်ခု သတ်မှတ်လိုက်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

‘‘ဆင်းမ်ကတ်မှတ်ပုံတင်တာနဲ့ပတ်သက်ပြီး တိတိကျကျလိုက်နာဖို့ အော်ပရေတာတွေကို ညွှန်ကြားထားတယ်။ မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ဆင်းမ်ကတ်တွေကိုလည်း ဈေးကွက်အတွင်း ကုန်နိုင်လောက်တဲ့အချိန်ကို သတ်မှတ်ပေးထားတယ်။ ရှစ်လလောက်အချိန်ပေးထားတယ်’’ ဟု ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ အသိပေးကြေညာချက်တွင် မိုဘိုင်းဆင်းမ်ကတ် အသုံးပြုသူများသည် မိမိ တို့အသုံးပြုသော သက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် ပြုလုပ်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လ ၃၁ ရက်မှစတင်၍ ၀န်ဆောင်မှုရပ်စဲမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့်ပြုမည်ဟု ဆိုသည်။

ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ ပြည်သူများ၏ လုံခြုံရေးအတွက် ထိရောက်စွာကာကွယ်ပေးနိုင်ရန်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းဖုန်းမှ ငွေပေးချေခြင်းနှင့် အွန်လိုင်းဈေးဝယ်ခြင်းတို့အတွက် အသိအမှတ်ပြုပစ္စည်းအဖြစ် အသုံးပြုနိုင်ရန်၊ ဆင်းမ်ကတ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့ဖြစ်ပေါ်ပါက လွယ်ကူစွာ ပြန်လည်သုံးစွဲနိုင်ရန် စသည့်အချက်များ အတွက် ရည်ရွယ်ကြောင်း သြဂုတ် ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ရန် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့မဟုတ်) အခြားအကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားများဆိုလျှင် ပတ်စ်ပို့အမှတ်၊ ယင်း ကတ်ပြားများ၏ မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ လိုအပ်သည်။

အထက်ပါ ညွှန်ကြားချက်နှင့်ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရန် သုံးစွဲသူများကို ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို နည်းလမ်းစနစ်ကျနစွာ ပြုလုပ်ပါက ဖုန်းဖြင့်စနောက်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည် တို့ကို ဖော်ထုတ်အရေးယူနိုင်ပြီး ပြည်သူများ၏ လုံခြုံရေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း အွန်လိုင်းဈေးကွက် ကျွမ်းကျင်သူ ကိုခွန်နေက သုံးသပ်သည်။

လက်ရှိတွင် မှတ်ပုံတင်ထားသော ဆင်းမ်ကတ်အရေအတွက်ကိုမူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အော်ပရေတာများထံမှ ကောက်ယူထားခြင်းမရှိသေးကြောင်းနှင့် အမှန်တကယ်အသုံးပြုသူ (Active user) မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သန်း ၂၀ ကျော်၊ တယ်လီနော မြန်မာမှ ၁၆ သန်းကျော်၊ အူရီးဒူး မြန်မာမှ ခုနစ်သန်းခန့်ရှိသည်ဟု ဆိုသည်။ 7 Day Daily


Leave a Reply