ပြင်သစ်တွင် ရဲအရာရှိ တစ်ဦးနှင့် ချစ်သူကို အသတ်ခံရမှု မိမိတို့ လက်ချက်ဟု အိုင်အက်စ်ကြေညာ

stream_img

ပြင်သစ်ရဲအရာရှိ တစ်ဦးနှင့် ၎င်း၏ ချစ်သူကို ဓားသမား တစ်ဦးက သတ်ဖြတ်ခဲ့မှုသည် မိမိတို့၏ စီစဉ်ညွှန်ကြားမှု ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွများက ကြေညာခဲ့သည်။ ဇွန် ၁၃ ရက် ညပိုင်းက အမည်မသိ ဓားသမား တစ်ဦးသည် ပြင်သစ်ရဲအရာရှိ တစ်ဦးကို ပါရီဆင်ခြေဖုံးရှိ ၎င်း၏ နေအိမ်ရှေ့တွင် တိုက်ခိုက်ခဲ့သည်။ ၎င်းသည် ရဲအရာရှိ၏ ဝမ်းဗိုက်ကို အကြိမ်ကြိမ် ဓားဖြင့် ထိုးပြီးနောက် အိမ်ထဲသို့ဝင်ကာ ပိတ်ဆို့ ပုန်းကွယ်နေသည်။ ပါရီ အထူးရဲတပ်ဖွဲ့က ၎င်းကို အဖမ်းခံရန် စေ့စပ်ညှိနှိုင်းမှု မအောင်မြင်သည့်နောက် အိမ်ထဲ စီးနင်းဝင်ရောက်ကာ ပစ်သတ်ခဲ့သည်။ ထို့နောက်တွင်မူ ရဲအရာရှိ၏ နေအိမ်ထဲ၌ ၎င်း၏ ချစ်သူကိုပါ သေဆုံးလျက်သား တွေ့မြင်ခဲ့ရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနက အသက် ၄၂ နှစ်အရွယ် ရဲအရာရှိတစ်ဦးနှင့် ၎င်း၏ ချစ်သူတို့ နေအိမ်တွင် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ယခုအမှုသည် အကြမ်းဖက်မှု တစ်ခုအဖြစ် ယူဆရသောကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက တာဝန်ယူ စစ်ဆေးနေကြောင်းလည်း တရားရေး ဌာနက ဆိုသည်။

အိုင်အက်စ်ကို လိုလားသည့် Amaq သတင်းဌာနကမူ ယင်းတိုက်ခိုက်မှုသည် မိမိတို့၏ စီစဉ် ညွှန်ကြားမှုဖြင့် ဖြစ်မြောက်လာခြင်းဟု ကြေညာခဲ့သည်။ “လီမော်ရော့စ်မြို့က ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲနဲ့ သူ့ဇနီးကို သုတ်သင် လိုက်ပါတယ်”ဟု Amaqက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းသည် အဆိုပါ ဖြစ်ရပ်အပြီးတွင် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့သည်။ ပြင်သစ်နိုင်ငံသည် လတ်တလောတွင် ဥရောပဖလား ဘောလုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေရာ လုံခြုံရေးနှင့် ပတ်သက်၍ အထူးသတိထား ကြပ်မတ် ကိုင်တွယ်နေရသည်။

အကယ်၍ အိုင်အက်စ်ကသာ ယခုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း မှန်ကန်ပါက နိုဝင်ဘာလ၊ ပါရီအကြမ်းဖက်မှုကြီး အပြီး အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသည့် ကာလတလျှောက် ပြင်သစ်မြေတွင် ပထမဆုံး စစ်သွေးကြွ တိုက်ခိုက်မှု ဖြစ်လာမည်ဟုလည်း သိရသည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေချ လှုပ်ရှားနေသည့် အိုင်အက်စ်အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်နိုင်ငံ၊ အော်လန်ဒိုမြို့ရှိ Gayကလပ် တစ်ခုကို သေနတ်သမား တစ်ယောက်က စီးနင်းပြီး လူ ၄၉ ဦးကို ပစ်သတ်ခဲ့သည့် အကြမ်းဖက်မှုကိုလည်း ၎င်းတို့ ကျူးလွန်ကြောင်း ကြေညာထားသည်။

-Ref: Reuters


Leave a Reply