လူမျိုးအမည် အငြင်းပွားမှုကြောင့် သန်းခေါင်စာရင်းတွင် မပါဝင်ခဲ့သည့် လူဦးရေစာရင်းကို ပြန်လည်ကောက်ယူ

ရခိုင်ပြည်နယ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ်က လူမျိုးအမည် အငြင်းပွားမှု များကြောင့် ကျန်ရှိခဲ့သော လူဦးရေစာရင်းကို ပြန်လည် ကောက်ယူမှုများ ပြုလုပ်နေကြောင်း ရခိုင် ပြည်နယ် အစိုးရထံမှ သိရသည်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူစဉ်က မွတ်စလင်ဘာသာဝင်များ အများဆုံးနေထိုင်သည့် ဒေသများတွင် လူမျိုးအမည် အငြင်းပွားမှု များကြောင့် ဒေသခံများက စာရင်းကောက်ယူမှုကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် သန်းခေါင်စာရင်းထုတ်ပြန်ရာတွင် ကျန်ရှိခဲ့သော လူဦးရေစာရင်းကို အစိုးရသစ် လက်ထက်တွင် ပြန်လည်ကောက်ယူခြင်းဖြစ်ပြီး ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာဝန်ကြီး ဦးမင်းအောင်က ပြောကြားသည်။

“သန်းခေါင်စာရင်းတွေ ကောက်လိုက်တုန်းက လူမျိုးအမည်နဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လို့ မရလိုက်တာတွေကို လူစာရင်းတွေကောက်တာ။ ထုတ်ပြန်လို့ရအောင် ပြန်ကောက်တာပေါ့” ဟု ဦးမင်းအောင်က ဆိုသည်။

လက်ရှိတွင် သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်နေသည့် မြေပုံ၊ ကျောက်ဖြူနှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် လုံခြုံရေး တင်းကြပ်ထားပြီး ရဲတပ်ရင်းများ တိုးချဲ့ထားကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ လူဦးရေ ၃ ဒသမ ၁သန်းရှိကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ယင်းသန်းခေါင်စာရင်းတွင် လူဦးရေ နှစ်သန်းကျော်ကိုသာ အမှန်တကယ် စာရင်း ကောက်ခံနိုင်ခဲ့ပြီး လူဦးရေ တစ်သန်းကျော်ကိုမူ ခန့်မှန်း လူဦးရေ အဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly


Leave a Reply