ပျောက်ဆုံး အီဂျစ်လေယာဉ်ကို နိုင်ငံပေါင်းစုံ ပူးပေါင်း ရှာဖွေနေ

HT_Egyptian_Military_search_jrl_160519_12x5_1600

ရှာဖွေရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် အီဂျစ် စစ်သင်္ဘောတစ်စီး။

 

ပျောက်ဆုံးနေသည့် အီဂျစ်လေကြောင်းပိုင် လေယာဉ်ကို နိုင်ငံစုံမှ ပူးပေါင်းကာ ဧရိယာ ကျယ်ပြန့်စွာ ဖြန့်ကျက် ရှာဖွေနေကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှ ပျံတက်လာပြီး အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်သို့ ဦးတည်နေသည့် လေယာဉ်သည် မေ ၁၉ ရက်က ရေဒါမြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်ကာ အဆက်ပြတ်သွားခဲ့သည်။ အဆိုပါ လေယာဉ်ပေါ်တွင် ကလေးငယ် ၃ ဦး အပါအဝင် လူ ၆၆ ဦး လိုက်ပါသွားသည်။

ယခုအခါ လေယာဉ်ကို နောက်ဆုံး ထောက်လှမ်းမိခဲ့သည့် မြေထဲပင်လယ် အရှေ့ဘက် ဒေသတွင် ဂရိ၊ အီဂျစ်၊ ပြင်သစ်နှင့် ဗြိတိန် စစ်တပ်များကပါ ပူးပေါင်း ရှာဖွေလျက် ရှိသည်။ အဆိုပါ ရှာဖွေရေး လုပ်ငန်းစဉ်သည် ဂရိပိုင် ကာပါသော့စ် ကျွန်းအနီးကို အဓိက အာရုံစိုက်ထားသည်။

ဂရိက ၎င်းတို့၏ ရေဒါများသည် Airbus A320 လေယာဉ်အနေဖြင့် သိသိသာသာ ဦးလှည့်မှုနှစ်ကြိမ် ပြုလုပ်ပြီး အမြင့်ပေ ၂၅၀၀၀ ထိ ထိုးဆင်းသွားသည်ကို နောက်ဆုံး ထောက်လှမ်းမိခဲ့ကြောင်း ဆိုသည်။ ထို့နောက်တွင်မူ လေယာဉ်မှာ ပင်လယ်ထဲ ပျက်ကျသွားသည်ဟု ယုံကြည်ရသည်။

ခရီးစဉ်အမှတ် MS804 လေယာဉ်ပေါ် လိုက်ပါလာသူ အများစုသည် အီဂျစ်နှင့် ပြင်သစ် နိုင်ငံသားများ ဖြစ်ကြပြီး မိမိတို့ နိုင်ငံသား တစ်ဦးလည်း ပါဝင်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။ လက်ရှိအချိန်ထိ လေယာဉ်နှင့် ဆက်နွှယ်သည့် အစိတ်အပိုင်း အပျက်အစီး တစ်စုံတစ်ရာ ရှာမတွေ့သေးချေ။

အစောပိုင်းက လေယာဉ်ပျက် အစိတ်အပိုင်းတစ်ခု ရှာတွေ့သည်ဟု အီဂျစ်တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ သော်လည်း မှန်ကန်ခိုင်မာသည့် အထောက်အထား မရှိဟု သတင်းများက ဖော်ပြခဲ့ကြသည်။ ဂရိနိုင်ငံမှ လေယာဉ် မတော်တဆမှု စုံစမ်းရေး ပညာရှင် အေသန်နာရှော့ ဘင်နစ်က ကာပါသော့စ် ကျွန်းအနီးတွင် ရှာတွေ့ခဲ့သည့် အသက်ကယ် အင်္ကျီ အပါအဝင် အချို့ပစ္စည်းများသည် ပျောက်ဆုံးနေသည့် Airbus A320 လေယာဉ်နှင့် ဆက်စပ်မှု မရှိကြောင်း ပြောကြားခဲ့သည်။

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက အရပ်ဘက် လေကြောင်းထိန်းသိမ်းရေး ဌာနအပြင် စစ်တပ်က တာဝန်ယူသည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာန၊ ရေတပ်၊ လေတပ် အားလုံးတို့သည် ယခု ကယ်ဆယ်ရေး လုပ်ငန်းများတွင် အစွမ်းကုန် ပူးပေါင်း ကူညီကြရန် အမိန့်ပေးထားသည်။

MS804သည် ပါရီမှ ပျံတက်လာပြီး ဂရိ လေပိုင်နက်ထဲ ချဉ်းနင်း ဝင်ရောက်လာချိန်ထိ အစစ အရာရာ သာမန် အခြေအနေအတိုင်း ရှိနေခဲ့ပြီးမှ ရုတ်တရက် ရေဒါမှ ပျောက်သွားခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၅၆ ဦး၊ လေယာဉ် အမှုထမ်း ၇ ဦးနှင့် လုံခြုံရေး အမှုထမ်း ၃ ဦးတို့ လိုက်ပါလာသည်။ ဂရိ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က လေယာဉ်ကို ဆက်သွယ်ရန် ကြိုးစားချိန်၌ တုံ့ပြန်မှု မရှိတော့ဘဲ နောက်ထပ် ၂ မိနစ် မပြည့်မီ
ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းဟု သိရှိရသည်။

-Ref: ABC


Leave a Reply