ရုရှား၏ရန်ကို ကာကွယ်မည့် NATO၏ ကာကွယ်ရေးကွန်ရက် စီမံကိန်း အပြီးသတ်နိုင်လုနီးပါး ဖြစ်လာ

nato-group-photo

NATO အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ စုပေါင်း ဓာတ်ပုံအရိုက်ခံစဉ်။

 

ရုရှား၏ ရန်လို ခြိမ်းခြောက်မှုများကို ကာကွယ်ရန် NATO စစ်မဟာမိတ်တပ်ဖွဲ့က ဥရောပ အရှေ့ပိုင်း၌ စစ်ဘက် ကာကွယ်ရေး ကွန်ရက်တစ်ခု ချိတ်ဆက် တည်ဆောက်နေမှုမှာ အပြီးသတ်လုနီးပါး ရှိနေပြီဟု သိရသည်။

စစ်အေးခေတ်နောက်ပိုင်း ရုရှားကို ဦးတည်ကာ အကြီးမားဆုံး စစ်ရေးပြင်ဆင်မှု တစ်ရပ်အဖြစ် ယူဆနိုင်သည့် အဆိုပါ ကွန်ရက်ကိစ္စ အပြီးသတ်ရန် NATO အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မေ ၁၉ ရက်က
ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို သိမ်းယူလိုက်ပြီးနောက် ရုရှား၏ ရန်လိုမှုနှင့် မှန်းဆရ ခက်ခဲမှုတို့အပေါ် ဥရောပ အရှေ့ပိုင်း နိုင်ငံများ ပိုမို စိုးရိမ်လာသည်။ NATO အကြီးအကဲ ယန်စတိုလန်ဘာ့ဂ်က NATO နိုင်ငံများ၏
နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံမှုသည် ဇူလိုင်လတွင် ပိုလန်၌ ကျင်းပမည့် အထင်ကရ ဆွေးနွေးပွဲကြီးအတွက် လိုအပ်သော အသေးစိတ် အချက်အလက်များကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

NATO မဟာမိတ် နိုင်ငံများ အနေဖြင့် ဥရောပ အရှေ့ပိုင်းရှိ အဖွဲ့ဝင် နိုင်ငံများတွင် တပ်ဖွဲ့များ ပိုမိုဖြန့်ကျက်ပြီး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် သတိကြီးကြီး ဆွေးနွေးချဉ်းကပ်မည့် မဟာဗျူဟာတို့ကို ဖော်ဆောင်ရန် ဆန္ဒရှိနေသည်။ “NATOအနေနဲ့ ကာကွယ်ရေး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်မလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပိုပြီး ရန်လိုမှု ရှိလာတဲ့ ရုရှားနဲ့ ပတ်သက်ရင် ဘယ်လိုဘယ်ပုံ လိုက်လျော
ညီထွေ တုံ့ပြန်နိုင်မလဲ။ တစ်ဖက်မှာ ကာကွယ်ရေးအတွက် ပြင်ဆင်ရင်း တစ်ဖက်မှာလည်း ဆွေးနွေး ညှိနှိုင်းမှုတွေ ဖော်ဆောင်ဖို့ ဟန်ချက်ညီညီ ဆောင်ရွက်သွားပါမယ်”ဟု စတိုလန်ဘာ့ဂ်က ဆိုသည်။

ဘရပ်ဆဲလ်တွင် ကျင်းပသည့် NATO ညီလာခံသို့ တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဥရောပ အရှေ့ပိုင်းတွင် ကာကွယ်ရေး ကွန်ရက်တစ်ခုကို တံတိုင်းသဖွယ် ထားရှိရန်အတွက် NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ပိုမိုမြှင့်တင်သုံးစွဲသင့်ကြောင်း အကြံပြုပြောကြားသွားသည်။

-Ref: AP


Leave a Reply