ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံ ပထမဆုံး စိုက်ထူနိုင်တော့မည်

Htoo

အန္တရာယ်ကြီးမားလှသည့် ရေခဲပြိုကျမှုများကြောင့် နှစ်နှစ်ဆက်တိုက် တောင်တက်ခရီးစဉ်များ ရပ်နားထားခဲ့ရသော ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူစွာဖြင့် စိုက်ထူနိုင်တော့မည်ဖြစ်ကြောင်း ထူးဖောင်းဒေးရှင်းက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာတောင်တက်သမားလူငယ် သုံးဦးအနက် နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကို တို့နှစ်ဦးသည် မေ လ (၁၆) ရက်နေ့က အမြင့် ၆,၄ဝဝ မီတာရှိသော Camp-2 သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး မေလ (၁၇) ရက် နံနက် ၆ နာရီခန့်တွင် အမြင့် (၇,၁၆၂)မီတာရှိသော Camp-3 သို့ တက်ရောက်မည်ဖြစ်သည်။

ဧဝရတ်တောင် အောင်နိုင်ရေး ခရီးစဉ်တွင် တောင်တက်သမားများသည် တောင်ခြေစခန်း (Base Camp) မှနေပြီး Camp လေးခုကို ဖြတ်သန်း၍ တောင်ထိပ်သို့ အရောက်တက်ရောက်ကြခြင်းဖြစ်သည်။

အမြင့် ၈,ဝဝဝ မီတာ ရှိသော Camp-4 မှာ တောင်တက်သမားများအတွက် သေမင်းတမန်ဇုံဟု တင်စားခေါ်ဝေါ်သည့် နေရာဖြစ်သည်။

ဧဝရတ်တောင်ထိပ်ရှိ အပူချိန်၊ လေတိုက်နှုန်းစသည့် ရာသီဥတု အခြေအနေများ ကောင်းမွန်နေပါက မူလ အစီအစဉ် အတိုင်း မေလ (၁၉) ရက် မနက်ပိုင်းတွင် မြန်မာတောင်တက်သမားများသည် တောင်ထိပ်သို့ အရောက်တက်ရောက် ကြမည်ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုညီညီအောင်၏ ကျန်းမာရေးအခြေအနေမှာ နှလုံးခုန်မြန်ပြီး သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုမှာ ၅၇ ရာခိုင်နူန်းအထိ ကျဆင်းခဲ့သောကြောင့် တောင်တက်ခရီးစဉ်အတွင်း ရုတ်တရက် နှလုံးခုန် ရပ်တန့်သွားနိုင်ပြီး အဆုတ်နှင့် သွေးလည်ပတ်မှု စနစ်များ ထိခိုက်နိုင်သည့် အခြေအနေတွင် ရှိသဖြင့် ဆရာဝန်များ၏ ညွှန်ကြားမှုဖြင့် တောင်ခြေစခန်း (Base Camp) တွင် ကျန်ရစ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly


Leave a Reply