ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ပစိဖိတ်ကျွန်းစုငယ် ၅ ခုပျောက်ကွယ်

Solomon-Island-Reuters

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနဲ့ ရေတိုက်စားမှုတွေကြောင့် ပစိဖိတ်ကျွန်းစုငယ် ၅ ခုဟာ ပျောက်ကွယ် သွားခဲ့တယ် လို့ သြစတြေးလျ သုတေသီတွေက ပြောပါတယ်။

အဆိုပါကျွန်းစု ၅ ခုဟာ လူမနေတဲ့ကျွန်းတွေဖြစ်ပြီး ဆော်လမွန်ကျွန်းစုရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ပစိဖိတ်ကမ်းရိုးတန်းဒေသကို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုအဖြစ် ပထမဆုံး သိပ္ပံနည်းကျ အတည်ပြုပေးနိုင်ခဲ့တာလို့ သုတေသီတွေက ပြောပါတယ်။ သုတေသီတွေဟာ ၁၉၄၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကျွန်းစုပေါင်း ၃၃ ခုကို ကောင်းကင်ဂြိုဟ်တု ပုံရိပ်ဖော်စနစ်ကို အသုံးပြုပြီး သမိုင်းနဲ့ ဒေသဆိုင်ရာ အချက်အလက်တွေ စုစည်းကာ လေ့လာခဲ့တာလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာစောင်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ကျွန်းစုတွင်း ပင်လယ်ရေမျက်နှာပြင်ဟာ နှစ်စဉ် ၁၀ မီလီမီတာ (၀ ဒသမ ၄ မီတာ) လောက် မြင့်တက်လာခဲ့တာပါ။ ဒါပေမယ့် ခုပျောက်ကွယ်ခဲ့တဲ့ ကျွန်းစု ၅ ခုကတော့ ၁၂ ဧက (၅ ဟက်တာ) အကျယ်အ၀န်းလောက်သာရှိတဲ့ သန္တာကျောက်တန်းတွေ အများစုတည်ရှိကာ ငါးဖမ်းသမားတွေက တခါတရံ အသုံးပြုတဲ့ လူနေမထူထပ်တဲ့ကျွန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသီခေါင်းဆောင် ဆိုင်မွန်အဲလ်ဘတ်က “ဒီကျွန်းတွေဟာ သဲကျွန်းတွေမျှသာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဆော်လမွန်ကျွန်းစုဟာ သြစတြေးလျအရှေ့မြောက်ပိုင်း၊ မိုင် ၁၀၀၀ လောက် အရှည်ရှိပြီး လူဦးရေ ၆ သိန်း ၄ သောင်း နေထိုင်ကြတာပါ။

သုတေသနပြု ရလဒ်တွေအရ နော်တမ်ဘူကျွန်းပေါ် နေထိုင်သူတွေဟာလည်း ပြောင်းလဲလာတဲ့ အခြေအနေအလိုက် ပိုမြင့်တဲ့ မီးတောင်ကျွန်းတွေဆီ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ရွာသားတဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် အဘိုးအို ဆာရီလိုဆူတာရိုတီက “ပင်လယ်ရေက ကျွန်းတွေဆီ တက်လာတယ်။ ကျနော်တို့ကို ပိုမြင့်တဲ့နေရာတွေဆီ ပြောင်းခိုင်းတယ်။ အဲဒီမှာ ရွာထပ်တည်ဖို့ပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ချွိုင်ဆီးလ်ခရိုင်၊ တာရိုမြို့ဟာ ပြောင်းရွှေ့နေရာချထားခံရတဲ့ ရွာသားတွေအတွက် ပထမဆုံးသော မြို့တော်ဖြစ်လာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  (DVB Burmese)


Leave a Reply