နျုကလီးယားလက်နက် တားဆီး ထိန်းချုပ်ရေးဆွေးနွေးပွဲ အင်အားကြီးနိုင်ငံများ မတက်ရောက်

နျူကလီးယားလက်နက်များ တရားဝင်တားဆီးထိန်းချုပ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးပွဲကို ကုလသမဂ္ဂတွင် တနင်္လာနေ့က ကျင်းပရာ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံကြီးများ တက်ရောက်ခြင်းမရှိခဲ့ပေ။

ငါးရက်ကြာကျင်းပမည့် ပထမအကျော့ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁ဝဝ ကျော် ပါဝင်တက်ရောက်ခဲ့သည်။ ဖွင့်ပွဲနေ့တွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အဏုမြူဗုံးဒဏ်ခံစားခဲ့ရပြီး အသက်ရှင် လွတ်မြောက် လာသူများက မိန့်ခွန်းများပြောကြားကြသည်။

လက်နက်ဖျက်သိမ်းရေးဆိုင်ရာ တာဝန်ခံ ဂျပန်သံအမတ်ကြီး နိုဘူရှီဂီ တာကာမီဇာဝါက အဆိုပါ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံတက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာသည်။ လက်နက်ဖျက်သိမ်းရေး အတွက် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် နိုင်ငံများနှင့် နျူကလီးယား လက်နက်မရှိသည့် နိုင်ငံများ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တာကာမီဇာဝါက ပြောကြားသည်။

ဂျပန်နိုင်ငံအနေဖြင့် အဆိုပါဆွေးနွေးပွဲသို့ အပြုသဘောဆောင်ပြီး စိတ်ရောကိုယ်ပါ တက်ရောက် ဆွေးနွေး ရန် အခက်အခဲရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၂ဝ မှ သံအမတ်ကြီးများက နျူကလီးယားလက်နက် တားဆီးထိန်းချုပ်ရေးစာချုပ်ကို ကန့်ကွက်သည့် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန် ကြေညာခဲ့သည်။

ကမ္ဘာကြီးရင်ဆိုင်နေရသည့် လုံခြုံရေးခြိမ်းခြောက်မှုကို ယင်းဆွေးနွေးပွဲတက်ရောက်သူများ အမှန်တကယ် နားလည်သဘောပေါက်ပါရဲ့လားဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီ ဟယ်လေက မေးခွန်းထုတ်ခဲ့သည်။

ပါဝင်တက်ရောက်သည့်နိုင်ငံများနှင့် အဏုမြူဗုံးဒဏ်မှ အသက်ရှင် လွတ်မြောက်လာသူများက နျူ ကလီးယား ဖျက်သိမ်းရေးကန့်ကွက်ပြီး ဆွေးနွေးပွဲသို့မတက်ရောက်သည့် အဏုမြူဗုံးဒဏ်ခံစားခဲ့ရသော ဂျပန်နိုင်ငံကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။ အင်န်အိတ်ခ်ျကေ။