ထိုင်းမှာ လျှပ်စစ်ကားတွေ စတင်ရောင်းချတော့မယ့် တိုယိုတာ

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ် တစ်မျိုးကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှုနဲ့ အသုံးပြုမှုကို ထိုင်းအစိုးရကလည်း တွန်းအားပေးနေပြီး တိုယိုတာက ရောင်းချမယ့် လျှပ်စစ်ကားဟာ ဘတ် ၁ ဒသမ ၈ သန်း သို့မဟုတ် ဒေါ်လာငါးသောင်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများမကြာခဏ ရေကြီးလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ တိုယိုတာရဲ့ လျှပ်စစ်ကားတွေ သင့်တော်ကြောင်း အနက် ၃၀ စင်တီမီတာရှိတဲ့ ရေထဲမှာဖြတ်ပြီး လျှပ်စစ်ကားကို မောင်းနှင်သရုပ်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ တိုယိုတာအတွက် အဓိကပြည်ပဈေးကွက်ဖြစ်ပြီး ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ထိုင်းမှာ လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖို့ တိုယိုတာက စဉ်းစားနေပါတယ်။

ဒါပေမဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ ထိပ်တန်းတရုတ်ကုမ္ပဏီ BYD နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး BYD ဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားစက်ရုံဖွင့်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။