ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းအရာရှိ ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ် ရာထူးမှ နုတ်ထွက်ပြီး တစ်လအကြာတွင် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိချုပ် ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်ခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍသို့ ပြန်သွားရန် အချိန်ကျပြီဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဆွီနေးက ထုတ်ပြန်ချက်တွင် ပြောသည်။
ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်း မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက်ပိုင်း ဆွီနေးသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည့် ပင်တဂွန် စစ်ဌာနချုပ် ထိပ်တန်းတာဝန်ရှိ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သည်။

သို့သော် ဆီးရီးယားရှိ ကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး အချိန်အတိအကျ မသတ်မှတ်ရသေးကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ကာကွယ်ရေးဌာန၌ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တာဝန်ထမ်းဆောင်ရ၍ ဂုဏ်ယူကြောင်း ၂၀၁၇ ဇန်နဝါရီက ယင်းရာထူး စတင်ရယူခဲ့သူ ဆွီနေးက ပြောကြားသော်လည်း ဒေါ်နယ်ထရန့် အကြောင်း ဖွင့်ဟခြင်း မရှိပေ။

ဆီးရီးယားရှိ ကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမည်ဆိုသော ဒေါ်နယ်ထရန့်၏ အံ့အားသင့်ဖွယ် ကြေညာချက်ကြောင့် ဂျင်မ်မက် တစ်က ဖေဖော်ဝါရီမတိုင်မီအထိ တာဝန်ထမ်းဆောင်ရန် ကနဦး စီစဉ်ခဲ့သော်လည်း ယင်းထက် စောကာ ရာထူးမှ နုတ်ထွက်ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၈ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုသည် အရှေ့အလယ်ပိုင်းဒေသရှိ မဟာမိတ် နိုင်ငံများကို ထပ်မံအာမခံပေးရန် ရည်ရွယ်၍ ယင်းဒေသသို့ တစ်ပတ်ကြာ သွားရောက်လည်ပတ်မည်ဖြစ်သည်။

—Ref: BBC