ယူကရိန်းအား စစ်လျော်ကြေးပေးရန် ရုရှားကို ကုလသမဂ္ဂက တောင်းဆို

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့သော ရုရှားအား နောက်ဆက်တွဲ ကိစ္စအားလုံးအတွက် တာဝန်ယူခိုင်းမည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုကိစ္စများထဲတွင် စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးခဲ့သူများအတွက် လျော်ကြေးငွေများ ပေးဆောင်ရန် ပါဝင်သည်။

တနင်္လာနေ့တွင် အတည်ပြုခဲ့သည့် အဆိုပါဆုံးဖြတ်ချက်အား ညီလာခံရှိ အဖွဲ့ဝင်နိုင်ငံများ၏ကိုယ်စားလှယ် ၁၉၃ ဦးအနက် ၉၄ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။

ရုရှား၊ တရုတ်နှင့် အီရန် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့ကြသော်လည်း ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၇၃ နိုင်ငံကမူ  မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည်ခဲ့ကြသည်။

ရုရှား၏ လုပ်ရပ်ကြောင့် ယူကရိန်းပြည်သူများနှင့် အစိုးရတို့ ခံစားခဲ့ရသော ပျက်စီးမှု၊ ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ရန်အတွက် ညီလာခံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား ယူကရိန်းနှင့် ပူးပေါင်းကာ နိုင်ငံတကာ မှတ်တမ်းတစ်ခု ဖန်တီးရန် အကြံပြုထားသည်။

Source: Aljazeera