၂၀၃၀ မှာ ငါးနှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်ဟု ယူနီဆက်ဖ် သတိပေး

UNICEF01

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်ထောက်ပံ့မှု မရှိဘူးဆိုရင် သက္ကရာဇ် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က သတိပေး ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ကလေးသူငယ်များ အစီရင်ခံစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးက အဆင်းရဲဆုံး ကလေးတွေရဲ့ အတိဒုက္ခကို အာရုံမစိုက်ရင် သူတို့တတွေဟာ ရောဂါကူးစက်ခြင်း၊ ပဋိပက္ခတွေနဲ့ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ဂယက်လို တားမြစ်နိုင်စွမ်းရှိတဲ့ အကြောင်းတရားတွေနဲ့ သေဆုံးကြလိမ့် မယ်လို့ ဆိုပါတယ်။

အဲဒီ ငါးနှစ်အောက်ကလေး သေဆုံးသူ စုစုပေါင်းရဲ့ တ၀က်ဟာ ဆဟာရအာဖရိက ဒေသခွဲက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေအရ အဲဒီဒေသမှာ ၂၀၃၀ ခုနှစ်ကျရင် ကလေး ၁၀ ဦးမှာ ၉ ဦးဟာ အလွန်အမင်း ချို့ချို့ငဲ့ငဲ့ နေထိုင်ရလိမ့်မယ်လို့ ပြောပါတယ်။

ဒီဒေသဟာ စီးပွားရေးတိုးတက်ပေမယ့် ဆင်းရဲချမ်းသာကွာဟချက် ကြီးမားမှုနဲ့ ဆင်းရဲမွဲတွေမှုဒဏ်ကို သက်ရောက်ခံနေရတာ ဖြစ်ပါတယ်။

ယူနီဆက်ဖ် အမှုဆောင်ဒါရိုက်တာ အန်ထိုနီလိပ်ခ်က ကမ္ဘာကြီးဟာ မညီမျှမှုတွေနဲ့ ခွဲခြားမှုတွေ ပိုများလာနေတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် ပိုမိုကြိုးစား အားထုတ်ကြဖို့ ကမ္ဘာ့နိုင်ငံတွေကို သူက တိုက်တွန်း ပါတယ်။                   

(DVB Burmese)


Leave a Reply