စစ်ရေးအသုံးစရိတ် တရုတ် ပိုမိုတိုးမြှင့်

မစ္စတာရှီကျင့်ဖျင်ကို သမ္မတအဖြစ် တတိယအကြိမ် အာဏာအပ်နှင်းမယ့် ပါလီမန်အစည်းအဝေးမှာ နိုင်ငံရပ်ခြားက ခြိမ်းခြောက်မှုတွေ အရှိန်မြင့်တက်လာတယ်လို့ သတိပေးပြောကြားရင်း သူတို့ စစ်ဘက်ရဲ့ အသုံးစရိတ်ကို မြှင့်တင်လိုက်ကြောင်း တရုတ်က ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ စီးပွားရေးရည်မှန်းချက်ကို ၁၀ နှစ်အတွင်းမှာ အနိမ့်ဆုံးနှုန်းတစ်ခုဖြစ်တဲ့ ငါးရာခိုင်နှုန်းသာတိုးတက်ဖို့ မျှော်လင့်ကြောင်း တရုတ်ခေါင်းဆောင်တွေက ပြောကြားချိန်မှာပဲ ကမ္ဘာမှာ ဒုတိယအများဆုံး ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက် တိုးမြှင့်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကန်ဒေါ်လာ ၂၂၅ ဘီလီယံရှိတဲ့ ယွမ် ၁ ဒသမ ၅၅ ထရီလီယံ ဘတ်ဂျက်ကို ကြေညာခဲ့ချိန်မှာပဲ တရုတ်ကို ထိန်းချုပ် ချိုးနှိမ်ထားရေး ပြင်ပကြိုးပမ်းမှုတွေ အရှိန်မြင့်တက်လာခဲ့ကြောင်း ရာထူးက ထွက်ခွာတော့မယ့် ဝန်ကြီးချုပ် လီကီကျန်း က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောကြားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေး‌လေ့ကျင့်မှုနဲ့ ပြင်ဆင်ထားရှိမှုကို နယ်ပယ်တိုင်းမှာ တိုးမြှင့် လုပ်ဆောင် သင့်ကြောင်း နဲ့ တိုက်ပွဲဝင်ပုံစံ လေ့ကျင့်မှုတွေကို ပိုမို အလေးပေးသင့်တယ်လို့ လီကီကျန်း က ပြောပါတယ်။

ဒီနှစ် တရုတ် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှု က ရှစ်နှစ်ဆက်တိုက်တိုးမြှင့်မည်ဖြစ်ကာ အရင်နှစ်တွေကလိုပဲ အားလုံးပေါင်းပမာဏကိုသာထုတ်ပြန်ခဲ့ပြီး အသေးစိတ်ပြောကြားတာမျိုး မပါရှိကြောင်း သိရပါတယ်။

-Ref;Agencies/zl