ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည်များကို ဖေ့စ်ဘွတ်ခ်တင်ခြင်း မပြုရန် ခံဝန်ကတိများ ရေးထိုးရမည်ဟုဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများအနေဖြင့် ဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းများ၊ ထုတ်ပြန်ချက်များကို လူမှု ကွန်ရက်ပေါ်တွင် မတင်ရန်နှင့် မိမိတို့၏လိုအပ်ချက်များကို အဆင့်ကျော် တင်ပြခြင်း၊ တိုင်ကြားခြင်းများမပြုလုပ်ရန် ခံဝန်ကတိများ ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ၀န်ထမ်းများအနေဖြင့် အခြေခံပညာ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးများမှ ထုတ်ပြန်သော အကြောင်းကြားစာများ၊ ရုံးအမိန့်များကို အင်တာနက် လူမှုကွန်ရက်ဖြစ်သော Facebook ပေါ်တွင် ဓာတ်ပုံရိုက်နှိပ်ရေးသားခြင်း မပြု ပါကြောင်းနှင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ရုံးဝန်ထမ်းများသည် မိမိတို့၏လိုအပ်ချက်များကို အဆင့် ကျော်တင်ပြခြင်း၊ တိုင်ခြင်းမပြု လုပ်ပါကြောင်းကို သက်ဆိုင်ရာ ကျောင်းအုပ်များ၏ရှေ့တွင် ခံဝန်ကတိ ရေးထိုးရမည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အဆိုပါမြို့နယ် ပညာရေးမှူးရုံးများက ရခိုင်ပြည်နယ် ပညာရေး မှူးရုံးသို့ တင်ပြထားကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်နယ်ရုံးကတော့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ မြို့နယ်တချို့ကလုပ်တာပါ။ ဒါပေမဲ့ ဒီလို လုပ်ထားပါတယ်ဆိုတဲ့အကြောင်းကိုတော့ စာတင်ထား ပါတယ်။ တချို့ ဆရာ၊ ဆရာမတွေက လုပ်ထုံးလုပ်နည်း တွေကို နားမလည်ဘဲ တင်လိုက်တာမျိုးတွေရှိတော့ မလိုလားအပ်တဲ့ဟာတွေ မဖြစ်အောင် လုပ်လိုက်တဲ့သဘော ပါပဲ။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ်ဆိုတော့ ကျွန်တော်တို့လည်း စည်းကမ်းတွေ မူဘောင်တွေကြားကနေ ဖြစ်အောင်လုပ်နေရတာပါ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက စက်တင်ဘာ ၁၂ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

အဆိုပါ ခံဝန်ကတိလက်မှတ်များရေးထိုးရန်ကို ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ အမ်းမြို့နယ်တို့ရှိ ပညာရေးရုံးများမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလများက ပညာရေးဝန်ထမ်းများအနေဖြင့် အဆင့်ကျော်တိုင်တန်းခြင်းများ၊ ရုံးအမိန့်စာများကို လူမှုကွန်ရက်များပေါ်တွင် တင်ပြခြင်း၊ ပေါက်ကြားခြင်း မရှိစေရန် ထိန်းသိမ်းရမည်ဟူသော အမိန့်များ ထုတ်ဖူးခဲ့သေးကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်မှာတော့ အဲဒီလိုအမိန့်စာထုတ်ပြီး လုပ်ခိုင်းတာမျိုးတွေတော့မရှိသေးဘူး။ ဒါပေမယ့် အဲဒီလို တင်တာမျိုးတွေရှိရင် ဘယ်အကောင့်လဲ ဘယ်သူလဲဆိုပြီး စုံစမ်းတယ်။ မြို့နယ်ရုံးကိုခေါ်ပြီး ခံဝန်ထိုးခိုင်းတာမျိုး တွေတော့လုပ်တယ်။ ၀န်ထမ်းကတော့ သူနစ်နာတာမျိုးဆိုရင် ကြိုက်သလိုတင်ပြမှာပါပဲ။ ဒီလိုဟာမျိုးတွေ ဒီနေ့ ခေတ်မှာ ရှိနေသေးတယ်ဆိုတာက မဖြစ်သင့်တော့ပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ မူလတန်းပြ ဦးမြတ်သီဟထွန်းက ပြောသည်။ ခံဝန်ကတိများကို သက်ဆိုင်ရာ ကျောင်းအုပ်များရှေ့တွင် ရေးထိုးပြီး မြို့နယ်ပညာရေးမှူးရုံးများသို့ ယခုလ ၁၃ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

#Democracytoday


Leave a Reply