ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်နှင့် မိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်ထား

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက် များပြားနေခြင်းကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့် တားမြစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသည် မြန်မာနိုင်ငံတစ် ၀န်းရှိဒေသများသို့ ၀င်ရောက်လာသည့် ဧည့်သည်အရေအတွက်နှင့် ယင်းဒေသအတွင်းရှိ ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက်များအား မျှတမှု ရှိစေရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အပါအ၀င် မန္တလေး၊ ညောင်ရွှေ မြို့ကြီးသုံးမြို့တွင် ၀င်ရောက်လာသည့် ဧည့်သည်အရေအတွက်ထက် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက်များမှာ ပိုမိုများပြားနေခြင်းကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့်အား ကြီးကြပ်တားမြစ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးမြင့်ထွေးက ” ရန်ကုန်၊ မန္တလေးနဲ့ ညောင်ရွှေဒေသတွေမှာ အခန်းငှားရမ်းတဲ့ဧည့်သည်နဲ့ ဒေသတွင်း ဟိုတယ်၊ မိုတယ်တွေရဲ့ အခန်းအရေအတွက်က ထက်ဝက်ကျော်ပိုနေလို့ အခုလို ကြီးကြပ်တားမြစ်ထားတာပါ။ ဟိုတယ်၊ မိုတယ်အသစ်တွေ တည်ဆောက်ခွင့်ကို တစ်နိုင်ငံလုံး ရပ်ဆိုင်းထားတာရယ်လို့တော့ မဟုတ်ပါဘူး။ လိုအပ်ချက်အလိုက်တော့ ခွင့်ပြုတာတွေရှိပါ တယ် ” ဟု စက်တင်ဘာ ၁၂ ရက်ကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ နှစ်စဉ်၊ လစဉ်ကောက်ယူခဲ့သော စာရင်းများအရ ရန်ကုန်မြို့၏ အခန်း ငှားရမ်းမှုရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်းရှိပြီး အခန်းပိုမှုမှာ ၄၆ ရာခိုင်နှုန်းရှိကြောင်း၊ မန္တလေးမြို့၏ အခန်းငှားရမ်းမှုမှာ ၅၁ ရာ ခိုင်နှုန်းရှိပြီး အခန်းပိုမှုမှာ ၄၉ ရာခိုင်နှုန်းရှိကာ ညောင်ရွှေမြို့၏အခန်း ငှားရမ်းမှု ရာခိုင်နှုန်းမှာ ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးမြို့၏ အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၄၃ ရာခိုင်နှုန်းနှင့် ကလောမြို့၏အခန်းငှားရမ်းမှု ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ဦးမြင့်ထွေးက ” ဟိုတယ်တည်ဆောက်ခွင့် ကြီးကြပ်တားမြစ်တယ်ဆိုတာက ၀င်ရောက်တဲ့ဧည့်သည်နဲ့ အခန်းနဲ့ မျှတအောင် ဆောင်ရွက်တာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေက တကယ်လိုအပ်လို့ ထပ်ဆောက် ရမယ်ဆိုရင် သေချာစိစစ်ထောက်ခံပေးရင်တော့ ဆောက်လုပ်ခွင့်ပေးသွားမှာပါ ” ဟု ပြော သည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနသည် ဟိုတယ်၊ အခန်း လုံလောက်မှုရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဇူလိုင်လကုန်အထိ ဟိုတယ်အလုံးရေ ၁၃၆၁ လုံး၊ အခန်းပေါင်း ၅၃၃၅၅ ခန်းအတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးထားပြီး ယင်းခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် အခန်းများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဟိုတယ် အလုံးရေ ၃၄၂ လုံး၊ အခန်းပေါင်း ၁၆၅၅၃ ခန်း၊ နေပြည်တော်မှ ဟိုတယ်အလုံးရေ ၆၃ လုံး၊ အခန်းပေါင်း ၅၁၁၁ ခန်း၊ မန္တလေးတိုင်းဒေသကြီးမှ ဟိုတယ်အလုံးရေ ၁၇၉ လုံး၊ အခန်းပေါင်း ၇၂၆၁ ခန်း၊ ပုဂံ၊ ညောင်ဦးတွင် ဟိုတယ်အလုံးရေ ၈၁ လုံး၊ အခန်းပေါင်း ၂၇၆၁ ခန်း၊ တောင်ကြီးနှင့် အင်းလေးမှ ဟိုတယ်အလုံးရေ ၁၂၀၊ အခန်းပေါင်း ၃၆၀၀ ခန်းတို့ပါဝင်ကြောင်း သိရသည်။

#Democracytoday


Leave a Reply