ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်

13081804_1136480829709399_320826700_n

အစိုးရသစ်သက်တမ်း တစ်လကျော်လာချိန်တွင် ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၃ ရက်၌ သတင်းထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းခွင့်ရထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့တွင် ဒုဝန်ကြီးတစ်ဦးစီ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မြင့်နွယ်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် သန်းထွဋ်တို့အား ခန့်အပ်တာဝန်ပေးလိုက် ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန်အထိ အစိုးရအဖွဲ့သစ်တွင် ဒုဝန်ကြီး ငါးဦးရှိပြီဖြစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့တွင်လည်း ဒုဝန်ကြီး များခန့်အပ်ထားသည်။ ဒုဝန်ကြီးများ ခန့်အပ်ထားသော ၀န်ကြီးဌာနများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒေါက်တာအောင်သူတို့က တာဝန်ယူထားကြခြင်း ဖြစ်သည်။ သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်သည် ၀န်ကြီးဌာန ၂၁ ခုထားရှိခဲ့ရာတွင် ယခင်အစိုးရ လက်ထက်က ရှိနေသော ၀န်ကြီးဌာနများကို လျှော့ချခြင်းနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


Leave a Reply