တိုင်းရင်းသားလူငယ်များ ညီလာခံမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၇) ရပ် ထွက်ရှိလာ

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုး ၂၆ မျိုးက ဖတ်ကြားတင်သွင်းလာသည့် စာတမ်းများ အပေါ် ဆွေးနွေးခဲ့ကြပြီးနောက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ရပ် ထွက်ရှိလာကြောင်း သိရသည်။

ထိုလုပ်ငန်းစဉ် ၇ ရပ်မှာ အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့် အရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေး၊ ပြန်လည်နေရာချ ထားရေး (IDPs/Refugees၊ ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့်ယဉ်ကျေးမှု)၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီးမြှုပ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် တိုင်းရင်းသားရေးရာ(တိုင်းရင်းသားလူငယ်ရေးရာ မူဝါဒ) တို့ဖြစ်သည်။

“ကျနော်တို့မှာ ပြဿနာတွေအများကြီး ရှိတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ သို့သော် ကိုယ်တဦးတည်းဖြစ် နေတဲ့ပြဿနာကို ဦးစားပေးပြီး ဖြေရှင်းတာထက် စာရင် ကိုယ်ဖြစ်နေတဲ့ ပြဿနာကလည်း တခြားလူ ဖြစ်နေတဲ့ ပြဿနာနဲ့တူညီတယ်။ ဒါကြောင့် ဘုံတူညီတဲ့ ပြဿနာဖြစ်မှုကို ၀ိုင်းဝန်းဖြေရှင်းနိုင်တဲ့ အလေ့အကျင့် မျိုးကို ဖော်ဆောင်ပြီး အလုပ်လုပ်သွားတာမျိုး ဖြစ်ချင်ပါတယ်” ဟု ပအို့ဝ်လူငယ်ကိုယ်စားလှယ် ခွန်ဦးက ပြောသည်။

ထို့အပြင် တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ညီလာခံမှ ချမှတ်ထားသော လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင် အထည် ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့ကို သြဂုတ် ၁ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ရှမ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ် စိုင်း လွိုင်ခမ်းပန်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်ဖွဲ့ကို ညီလာခံသို့တက်ရောက်လာသည့် လူမျိုး ၂၆ မျိုးမှ ကိုယ်စားလှယ် ၃ ဦးစီဖြင့် ဗဟိုကော်မတီဝင် ၇၈ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၆ ဦး၊ အတွင်း ရေးမှူးအဖွဲ့ဝင် ၅ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လာမည့် ၃ လအတွင်း အဖွဲ့၏ မဟာဗျူဟာလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံရေးဆွဲခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင်များက မီဒီယာများကို ပြောသည်။

“ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ၃ လအတောအတွင်းမှာ Strategy မဟာဗျူဟာလုပ်ငန်းစဉ်တွေ ရေးဆွဲဖို့ရှိတယ်” ဟု ရခိုင်တိုင်းရင်းသားလူငယ်ကိုယ်စားလှယ် ခိုင်လမင်းက ပြောသည်။ ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့သည် ညီလာခံမှ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မကြာမီပြုလုပ်တော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) သည် နိုင်ငံရေးပြဿနာကို အဖြေ ရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ဖြစ်သောကြောင့် တိုင်းရင်းသားဒေသများအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှု ကိုရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များပါဝင်သင့်ကြောင်း ညီလာခံအပြီးတွင် သဘောထား ထုတ်ပြန်ခဲ့ကြသည်။

ညီလာခံသို့ တိုင်းရင်းသားလူမျိုး မျိုးနွယ်စုပေါင်း ၂၆ မျိုး၊ ညီလာခံကိုယ်စားလှယ်ပေါင်း ၅၂၄ ဦး၊ လေ့လာသူပေါင်း ၈၆ ဦး၊ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း ၁၅၂ ဦး စုစုပေါင်း ၇၆၂ ဦး တက်ရောက်ကြောင်းသိရသည်။

ဧရာဝတီ


Leave a Reply