၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုသည့် လှုပ်ရှားမှု ပြည်တွင်းပြည်ပ တစ်ပြိုင်နက် ပြုလုပ်မည်

မကြာမီ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ပြည်သူလူထုက ထောက်ခံ ကြိုဆိုသည့် နိုင်ငံတကာ လှုပ်ရှားမှုတစ်ရပ်အား မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားတွင် တစ်ပြိုင်နက် ပြုလုပ်မည် ဖြစ်ကြောင်း ညီလာခံကို ထောက်ခံကြိုဆိုသည့် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှား သူများထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် မြို့တော်ရှိ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းရေးကို လိုလား သည့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုသည့် ပြည်သူလူထုမှ ထောက်ခံကြိုဆိုသည့် လှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုမြတ်ကျော်က ပြောသည်။

မြန်မာနိုင်ငံ အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ ဩစတေးလျ၊ နယ်သာလန်နှင့် ဒိန်းမတ် စသည့်နိုင်ငံ တို့တွင် စိတ်ပါဝင်စားသူ ပြည်သူများနှင့် နိုင်ငံတကာအင်အားစုများက တစ်ချိန်တည်း တစ်ပြိုင်နက် ထောက်ခံကြို ဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ အဓိကကတော့ ၂၁ ရာစုပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုတဲ့ သဘောရော၊ နောက်တစ်ချက်က စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ စစ်ပွဲတွေ ရပ်တန့်ပေးရေးဆိုတဲ့ လူထုလှုပ်ရှားမှုတစ်ခု ပြုလုပ်တာ ဖြစ် ပါတယ် ” ဟု ၎င်းက ရှင်းပြသည်။

အလားတူ ၂၁ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုတစ်ခုကိုလည်း ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထု လူတန်းစားပေါင်းစုံ၏ လက်မှတ်များကို ဇွန်လ ( ၁၉ ) ရက် မှ ဩဂုတ်လ ( ၁၉ )ရက် ထိရက်ပေါင်း(၆၀) ကောက်ခံလျက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

ယင်းသို့ ကောက်ခံရရှိသည့် ဆန္ဒပြုလက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်၊ UN (ကမ္ဘာ့ကုလသမဂ္ဂ) နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုသည့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

The Voice


Leave a Reply