မွန်ပြည်နယ်ရှိ မြို့နယ်ဆေးရုံများတွင် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး အလုံးရေ ၉၀၀၀ အခမဲ့ ထိုးနှံပေးမည်

မွန်ပြည်နယ်ရှိ မြို့နယ်ဆေးရုံများတွင် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး(ARV) အလုံး ၉၀၀၀ အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ဧပြီ ၁၇ရက်က ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ခွေးရူးပြန် ကြိုတင်ကာကွယ်ဆေး (ARV) အလုံး ၉၀၀၀ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တင်ပြတောင်းခံမှု၊ ပြည်နယ်အစိုးရ၏ ထောက်ခံမှုနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ရှောက်မှုဖြင့် ရဟန်းရှင်လူ ပြည်သူများအား နှစ်ကြိမ်ခွဲ၍ မြို့နယ်ဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးအလုံးရေ ၉၀၀၀ တစ်ကြိမ်သာရ၍ မြို့နယ်တစ်မြို့နယ်လျှင် လူဦးရေ ၄၀၀ သာ ထိုးနှံပေးနိုင်ကြောင်းသိရသည်။

ထိုကာကွယ်ဆေးအား လမ်းပေါ် အမြဲသွားနေရသူများ၊ ဆွမ်းခံနေသည့် ကိုရင်စာသင်သားများ၊ စာပို့လုလင်များ၊ ပစ္စည်းများ လိုက်လံပို့ဆောင်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ စည်ပင်ဝန်ထမ်းများ၊ ခွေးပိုင်ရှင်များနှင့် ခွေးချစ်သူများလည်း ထိုးနှံနိုင်ကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ကြိုတင်စာရင်းပေးရန် လိုအပ်ကြောင်းသိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ခြောက်လအတွင်း အစုလိုက် အပြုံလိုက် ခွေးရူးကိုက်ခံရသူ ၁၁၀ နီးပါးရှိခဲ့ပြီး ကာကွယ်ဆေးမထိုးနှံထားသူသုံးဦး သေဆုံးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။  #sdtimedaily