လာမည့် SEA Game တွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

က‌မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင်ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) တွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစား အဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအနက်မှ ဝူရှုး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ လက်ဝှေ့ အားကစားနည်း(၄)နည်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ (၃)လကြာ ပူးတွဲလေ့ကျင့်မှုများပြုလုပ်ထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၂၀)နည်းတွင် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၃၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၆၂)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်နိုင်ခဲ့သည်။