အမေရိကန်စစ်ရဟတ်ယာဉ် နှစ်စီး ပျက်ကျ လူ ၉ဦး သေဆုံး

အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ်မှာ စစ်တပ်သုံး Black Hawk အမျိုးအစား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး ပျက်ကျမှုမှာ လူ ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်း ၁၀ နာရီ လောက်မှာ ပုံမှန်လေ့ကျင့်ရေးခရီးစဉ် ပျံသန်းနေတုန်း ဖော့ဒ်ကင်းဘဲလ် စစ်စခန်းကနေ မိုင် ၃၀ လောက်အကွာ ကန်တာကီ အနောက်တောင်ပိုင်း ထရစ်ခ်ခရိုင်ထဲ ပျက်ကျခဲ့လို့ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့တယ်လို့ ကြာသာပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရဟတ်ယာဉ်တစီးမှာ လူ ၅ ယောက် ပါပြီး နောက်တစီးမှာ လူ ၄ ယောက် လိုက်ပါလာတဲ့ အမှတ် ၁၀၁ လေကြောင်းချီ တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ၂ စီးဟာ လူနေရပ်ကွက်အနီးက ကွင်းပြင်မှာ ပျက်ကျခဲ့တာဖြစ်ပြီး မြေပြင်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ရဟတ်ယာဉ်တွေဟာ အုပ်ဖွဲ့ ပျံသန်းတဲ့ပုံစံ လေ့ကျင့် မောင်းနှင်ခဲ့ကာ တပ်ဖွဲ့ဝင်တွေဟာ ညကြည့်မျက်မှန်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒီ မတော်တဆဖြစ်မှုဟာ ရဟတ်ယာဉ်တွေ ကယ်ဆယ်ရေး အစမ်း လေ့ကျင်နေတုန်း ဖြစ်ခဲ့တာ မဟုတ်ဘဲ ပျံသန်းနေတုန်း ဖြစ်ခဲ့တာလို့ တာဝန်ရှိသူတွေက လော‌လောဆယ် ယူဆထားပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ရဟတ်ယာဉ်တွေပေါ်မှာ ခရီးသည်တင် လေယာဉ်တွေလိုပဲ အချက်အလက်မှတ်တမ်း သိမ်းဆည်းတဲ့ Black Box တွေ ပါဝင်လို့ အဲဒါကနေ ဘာဖြစ်ခဲ့တယ်ဆိုတာ သိလာနိုင်ဖို့ ရှိပါတယ်။

ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာတော့ ကန်တာကီ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီယား က သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ပြည်နယ်အစိုးရက တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Black Hawk ရဟတ်ယာဉ်တွေ ဟာ အမေရိကန် စစ်တပ်မှာ အရေးပါပြီး အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေ အပါအဝင် စစ်ဆင်ရေးတွေမှာ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကယ်ဆယ်ရေး အစရှိသလို ပုံစံမျိုးစုံနဲ့ အသုံးပြုနေပါတယ်။

အရင်လကလည်း အယ်လ်ဘားမားပြည်နယ်ရဲ့ အဝေးပြေးလမ်းဘေးမှာ Black Hawk ရဟတ်ယာဉ် တစီး ပျက်ကျခဲ့လို့ တင်နက်ဆီပြည်နယ် ပြည်တွင်းကာကွယ်ရေးအရန်တပ်ဖွဲ့က လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ပါတယ်။

-Ref:VOA