အိန္ဒိယ ကုမ္ပဏီက တီထွင်လိုက်တဲ့ လျှပ်စစ် တက္ကစီ ကားပျံ

မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက် အဆင်းလုပ်နိုင်တဲ့ eVTOL ယာဉ်ပျံတွေကို ကုမ္ပဏီများစွာက တီထွင်နေကြပြီး ကားလမ်းပိတ်တဲ့ မြို့တော်တွေမှာ ခရီးသည် ပို့ဆောင်ပေးတဲ့ တက္ကစီ ကားပျံတွေ အဖြစ် အသုံးပြုဖို့ရည်ရွယ်ထားပါတယ်။

အခုတော့ အိန္ဒိယ ကုမ္ပဏီ ၁ ခုက ဟယ်လီကော်ပတာထက် မြန်တဲ့ ခရီးသည် ပို့ဆောင်ပေးတဲ့ လျှပ်စစ် တက္ကစီ ကားပျံကို Aero India Show မှာ ပြသလိုက်ပါတယ်။ အိန္ဒိယရဲ့ ပထမဆုံးနဲ့ ကမ္ဘာ့ အသေးငယ်ဆုံး လျှပ်စစ် တက္ကစီ ကားပျံ ဖြစ်လာပါတယ်။

တက္ကစီ ကားပျံကို e200 လို့ အမည်ပေးထားပြီး လူ ၂ ယောက်စီးနင်းနိုင်ပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ လျှပ်စစ် တက္ကစီ ကားပျံဟာ ဘေးကင်းလုံခြုံပြီး အသံဆူညံမှု မရှိဘူးလို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် တည်ဆောက်ထားပါတယ်။

ကားပျံရဲ့ အလေးချိန်ဟာ ၂၀၀ ကီလိုဂရမ် ဖြစ်ပြီး ပန်ကာ ၄ ခု တပ်ဆင်ထားပါတယ်။ မြေပြင်အမြင့် ၀.၅ ကီလိုမီတာနဲ့ ၂ ကီလိုမီတာ အတွင်း အမြန်နှုန်း ၁ နာရီကို ၂၀၀ ကီလိုမီတာ( ၁ နာရီကို ၁၂၄ မိုင်)နဲ့ မောင်းနှင်နိုင်ပါတယ်။ ကုမ္ပဏီက ခရီးတို ၁၀ ခုကနေ ၁၅ ခုအထိ ပျံသန်းနိုင်ပြီး ၁ ခါအားသွင်းထားရင် ၂၀၀ ကီလိုမီတာ(၁၂၄ မိုင်) အကွာအဝေးကို မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။

 

Ref : inceptivemind