Samsung ရဲ့ Galaxy X ခေါက်စမတ်ဖုန်းကို ဒီနှစ်အတွင်း မိတ်ဆက်မည်

နှစ်အတန်ကြာ ကောလာဟလ ထွက်ပေါ်ခဲ့တဲ့ Samsung ရဲ့ Galaxy X ခေါက်စမတ်ဖုန်းကို ၂၀၁၈ နိုဝင်ဘာလမှာ တွေ့မြင်ရဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ Samsung ရဲ့ မိုဘိုင်း အမှုဆောင်အရာရှိချုပ် DJ Koh နဲ့ CNBC တို့ရဲ့ အင်တာဗျူးကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ အင်တာဗျူးမှာ Koh က “အခုအချိန်ဟာ Samsung အတွက် ခေါက်နိုင်တဲ့ ထုတ်ကုန် တစ်မျိုးကို မိတ်ဆက်ရမယ့် အချိန်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီထုတ်ကုန်ကို Samsung Developer Conference မှာ ပွဲထုတ်မိတ်ဆက်သွားဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

Samsung Developer Conference ကို နိုဝင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပသွားဖို့ စီစဉ်ထား ပါတယ်။ Samsung ဟာ ခေါက်စမတ်ဖုန်းအတွက် concept ကြော်ငြာတစ်ခုကို ၂၀၁၄ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ ကြော်ငြာမှာ tablet တစ်ခုအရွယ်အစားကနေ အိတ်ဆောင်ဖုန်းတစ်ခုအရွယ်အဖြစ် ခေါက်နိုင်တဲ့ display တစ်ခုပါဝင်တဲ့ ထုတ်ကုန်တစ်ခုကို ပြသထား ပါတယ်။ Samsung ရဲ့ ခေါက်စမတ်ဖုန်းမှာ ၇ လက်မ display တစ်ခုပါဝင်လာနိုင်တယ်လို့ Wall Street Journal က ဒီနှစ်အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ screen ကို ပိုက်ဆံအိတ်တစ်ခုလို တစ်ဝက်ခေါက်နိုင်တယ်လို့ သိရပါတယ်။

ခေါက်စမတ်ဖုန်းတွေကို တိုးတက်ဖွံ့ဖြိုးဖို့ ဆောင်ရွက်နေတာဟာ Samsung ကုမ္ပဏီ တစ်ခုတည်း မဟုတ်ပါဘူး။ Lenovo ကလည်း ခေါက်နိုင်တဲ့ ဖုန်းတွေနဲ့ tablet တွေကို ဖန်တီးနေသလို Microsoft ကလည်း screen နှစ်ခုပါတဲ့ Surface ထုတ်ကုန်တွေကို နှစ်အတန်ကြာကတည်းက အိပ်မက်နေတာ ဖြစ်ပါတယ်။ LG လည်းပဲ ခေါက်နိုင်တဲ့ ၆၅ လက်မ OLED TV ကို ဒီနှစ် အစောပိုင်း က ပွဲထုတ်ပြသခဲ့ပါတယ်။  Ref: TrustedReviews/TheVerge