မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲအား ဖေဖော်ဝါရီ ၂၇ ရက် မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် (Passport) စာအုပ် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ  (မော်လမြိုင်) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

“မော်လမြိုင်ရုံးမှာက Online Booking စနစ်နဲ့ လုပ်ဆောင်ပေးတာမျိုးမရှိဘူး။ Passport စာအုပ်လုပ်ချင်သူတွေ အနေနဲ့ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းတွေနဲ့ ရုံးကို ကိုယ်တိုင်လာရောက်ပြီးတော့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ Passport စာအုပ်လုပ်ဆောင်မယ့်နေ့ကို ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (မော်လမြိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Passport စာအုပ်အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် ရုံးသို့ ကိုယ်တိုင် လာရောက်ကာ သိလိုသည်များကို တာဝန်ရှိသူများထံ မေးမြန်းဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခင် Passport ရုံးများ မပိတ်ခင်က Booking လုပ်ထားသူ အများအပြားရှိနေသည့်အတွက် လက်ရှိ Booking လုပ်ထားသူများအနေဖြင့် အနည်းဆုံးလေးလခန့် စောင့်ရမည်ဟုသိရကြောင်း Passport လာရောက်လျှောက်ထား သူများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ကာ နိုင်ငံကူး လက်မှတ် စာအုပ်ပြုလုပ်ခြင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့ရုံးတွင် Online Booking စနစ်သစ်ဖြင့် ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ကြောင်းနှင့် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲများတွင်လည်း ဖေဖော်ဝါရီ  ၂၇ ရက်မှစတင်ကာ Passport စာအုပ်ပြန်လည် လုပ်ဆောင်ပေးနေကြောင်း သိရသည်။