ကျောက်ပန်းတောင်း မိထ္တီလာလမ်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိ ၁၂ ဦးသေ ၁၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းတွင်  စက်တင်ဘာလ ၁၄ ရက် ညပိုင်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိခဲ့ပြီး(၁၂) ဦးသေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

၁၄ ရက်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ တွင် သန်မြန်သူ၊ ပုဂံမင်းသာ ခရီးသည်တင်ယာဉ် (၂) စီးနှင့် Dyna (လမ်းဘေးရပ်ထားသော)ယာဉ်(၁)စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လက်ပံပြားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဥ်ကြောင့် ကျား (၁၂) ဦး၊ မ (၃) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) စုစုပေါင်း (၁၇) ဦး နှင့် ကျား(၉)ဦး၊ မ(၃)ဦး (သေဆုံး) စုစုပေါင်း (၁၂) တို့အား မေတ္တာမွန်၊ ဆွေသဟာ၊ သုဂတိရှင်နှင့် မုဒိတာ လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်များဖြင့် ကျောက်ပန်းတောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  source:popularjournal