မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ် လျှော်ဖွတ်ပေးသင့်လဲ

ကပ်ရောဂါဖြစ်ပွားကတည်းက ကျွန်တော်တို့တွေက တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထတွေနဲ့ပတ်သက်ပြီး အရမ်းအလေးထားနေရပါတယ်။ လက်ကို ခဏခဏဆေးတာ၊ Mask တပ်တာနဲ့ အပြင်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲလှယ်တာတွေက လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါပြီ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မျက်နှာသုတ်ပုဝါကိုလည်း သန့်ရှင်းနေအောင် ထားဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့တွေက ရေချိုးပြီးတိုင်း၊ မျက်နှာသစ်ပြီးတိုင်း မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို အသုံးပြုကြပါတယ်။ တဘတ်နဲ့ မျက်နှာသုတ် ပုဝါတွေမှာလည်း ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ မျက်နှာသုတ်ပုဝါက မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့နေရာပါပဲ။ မျက်နှာသုတ်ပုဝါတစ်ခုတည်းကို နေ့တိုင်းအသုံးပြုတာက အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မျက်နှာသုတ်ပုဝါကို ပုံမှန်လျှော်ဖွတ်မပေးရင် သင့်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့ မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ်လျှော်ဖွတ်ပေးသင့်လဲဆိုတာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မျက်နှာသုတ်ပုဝါကို ဘာကြောင့် လျှော်ဖွတ်ပေးသင့်လဲ

အပြင်သွားတဲ့အခါ (သို့) လက်နဲ့ နေရာတော်တော်များများကို ထိမိတဲ့အခါ လေထဲမှာရှိတဲ့၊ အရာဝတ္ထုတွေမှာရှိနေတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေက အရေပြားမှာ ကပ်ညှိနေတတ်ပါတယ်။ ကျွန်တော်တို့ ရေချိုးပြီး မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်တဲ့အခါ အရေပြားမှာရှိတဲ့ ပိုးမွှားတွေအကုန်လုံးက မျက်နှာသုတ်ပုဝါဆီ ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီမျက်နှာသုတ်ပုဝါကိုပဲ ပြန်ပြီး အသုံးပြုမယ်ဆိုရင် ရောဂါပိုးနဲ့ အရေပြားပြဿနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်စေမှာပါ။ အခြားသူတွေနဲ့ အတူတူသုံးမယ်ဆိုရင် ပိုပြီးတောင် အန္တရာယ်များပါတယ်။

မျက်နှာသုတ်ပုဝါကို မလျှော်ဖွတ်ဘဲ ပြန်သုံးမယ်ဆိုရင် ဘာဖြစ်မလဲ

မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို မလျှော်ဖွတ်ဘဲ အချိန်ကြာကြီး သုံးမယ်ဆိုရင် အညစ်အကြေးနဲ့ အရေပြားဆဲလ်အသေတွေက မျက်နှာသုတ်ပုဝါမှာ ကပ်နေမှာပါ။ အဲဒီမျက်နှာသုတ်ပုဝါကို သုံးလိုက်တဲ့အခါမှာ အရေပြားမှာ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေ ရောက်သွားပြီး မွေးညင်းပေါက်တွေ ပိတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါက ဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ နှင်းခူနာ၊ အနီကွတ်ထတာ၊ ပွေးလို အရေပြားပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ သင်က အရေပြားပြဿနာရှိတဲ့သူဆိုရင် ညစ်ပတ်တဲ့တဘတ်၊ မျက်နှာသုတ်ပုဝါကို အသုံးပြုတာက အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။

မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို ဘယ်နှစ်ခါ လဲလှယ်ပေးသင့်လဲ

အရေပြားပြဿနာက‌နေကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းက မျက်နှာသုတ်ပုဝါကို မကြာခဏ လျှော်ဖွတ်ပေးဖို့ပါပဲ။ မျက်နှာသုတ်ပုဝါကို (၃) ခါအသုံးပြုပြီးသွားရင် လျှော်ဖွတ်ပေးသင့်တယ်လို့ တချို့ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါကြောင့် နေ့တိုင်း ရေချိုးရင် မျက်နှာသုတ်ပုဝါကို တစ်ပတ် (၂) ကြိမ် လျှော်ဖွတ်ပေးပါ။ မျက်နှာသုတ်ပုဝါကို အသုံးပြုပြီးရင်လည်း မျက်နှာသုတ်ပုဝါကို အစိုကြီးမထားဘဲ ခြောက်အောင် လုပ်ပါ။ ဒီလိုလုပ်မယ်ဆိုရင် အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Ref: How often should you wash your towels?

WL (ရိုးရာလေး)