လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပပြီးစီး
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၅) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ရေး တိုင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဦးခင်မောင်စိုး က ပါတီကော်မတီရွေးချယ်ကြရာတွင် ပါတီစည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ ပါတီအတွက် ကိုယ်ကျိုးစွန့်သူ၊ စိတ်ဓာတ်ကောင်းမွန်သူများအား ရွေးချယ် ကြရန် အကျယ်တဝင့်ပြောကြားသည်။
ဆက်လက်၍ ကျေးရွာအုပ်စု (၅၇) အုပ်စုမှ ပါတီကိုယ်စားလှယ်များက အစုအဖွဲ့အလိုက် ပါတီလုပ်ငန်းစဉ်စာတမ်းများ ဖတ်ကြားတင်ပြကြသည်။
အစည်းအဝေးဒုတိယပိုင်းတွင် ၂ဝ၁၆-၂ဝ၂ဝ ပါတီသက်တမ်းအတွက် အလုပ်အမှုဆောင် များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ကြရာ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်သူ နှင့် အလုပ်အမှုဆောင် (၁၅) ဦးနှင့် အရန်ကော်မတီဝင် (၁၅) ဦး တို့အား ရွေးချယ်ကြကြောင်း သိရသည်။
ရွေးချယ်တင်မြှောက်ပွဲသို့ တိုင်းအဆင့် ရွေးကောက်ပွဲကြီးကြပ်မှုနာယက ဦးခင်မောင်စိုး နှင့်အဖွဲ့ဝင်များ၊ခရိုင်ပါတီအတွင်းရေးမှူး ဦးတင်ယုနှင့် ကော်မရှင်အဖွဲ့တို့မှ ကြီးကြပ် ဆောင်ရွက်ပေးသည်။
မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီအသစ် ရွေးချယ်ပွဲသို့ ရပ်/ကျေး (၅၇) အုပ်စုမှ ပါတီကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ (၁၅ဝ) ခန့် တက်ရောက်ကြပြီး အစည်းအဝေးကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တင်စိုး(လှိုင်ဘောလယ်)