အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဝီဒိုဒို အနိုင်ရဟု အတည်ပြု

အင်ဒိုနီးရှားနိုင်ငံရဲ့ ဧပြီလ ရွေးကောက်ပွဲရလဒ်အရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇွန်လ ၂၇ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဧပြီလ ရွေးကောက်ပွဲမှာ သမ္မတ ဝီဒိုဒိုဟာ ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဝီဒိုဒိုကို စိန်ခေါ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပွာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချပေးဖို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

တရားသူကြီး ၉ ဦးပါအဖွဲ့က ပြီးခဲ့တဲ့လတုန်းက ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ တရားဝင်မဲရလဒ်ကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံး ဆုံးဖြတ်ချက်ကို တရားသူကြီးတွေက ၉ နာရီနီးပါးလောက် ဖတ်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ တရားရုံးနားမှာ ဆူဘီယန်တိုကို ထောက်ခံသူတွေ ထောင်ချီ စုဝေးနေကြပြီး ငြိမ်ငြိမ်သက်သက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲကြောင့် မြို့တော်ဂျကာတာမှာ လုံခြုံရေးအင်အား ၄၇,၀၀၀ ထက်မနည်း ချထားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ တရားရုံးနားက လမ်းတွေကို ပိတ်ထားခဲ့ပါတယ်။ အင်ဒိုနီရှားနိုင်ငံဟာ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ dvb