“၂၁ ရာစုပင်လုံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” တို့နှင့် ပတ်သက်၍ ANP ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးပြုလုပ်မည်

 “၂၁ ရာစု ပင်လုံညီလာခံ” နှင့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” အသုံးအနှုန်းအပါအဝင် ဒေသအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အစည်းအဝေးကို ဇူလိုင်(၁) ရက်မှစ၍ နှစ်ရက်ကြာ ဗဟိုဌာနချုပ် တည်ရှိသည့် စစ်တွေမြို့တွင် ပြုလုပ်မည်ဟု ANP ပါတီပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် ထည့်သွင်းတင်ပြမည့် ကိစ္စရပ်များ၊ အစိုးရက သုံးနှုန်းသည့် “ရခိုင်ပြည်နယ်မှ မွတ်စလင်” ဝေါဟာရကိစ္စနှင့် ဒေသတွင်းအခြေအနေ များနှင့်ပတ်သက်၍ နိုင်ငံရေးအရ ပြေလည်စေမည့် နည်း လမ်းများ၊ ပါတီတွင်းကိစ္စရပ်များကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က  ပြော ကြားသည်။

 ‘‘ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းဆိုတာကို ရခိုင်ပြည်သူလူထုက လက်မခံနိုင်တဲ့ အကြောင်းအရာတွေ ပေါ်ပေါက်နေတယ်။ ဒီကိစ္စတွေကို နိုင်ငံရေးအရ ပြေလည်ဖို့အတွက်နဲ့ ပဋိပက္ခတွေချုပ်ငြိမ်းဖို့ ခိုင်မာတဲ့ အဖြေ တစ်ခုကိုရအောင် ဘယ်လိုလုပ်ကြမလဲ။  ဒီကိစ္စတွေကို ဆွေးနွေးဖို့  ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ခေါ်တာဖြစ်ပါတယ်’’ ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ထို့အပြင် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ တိုင်းရင်းသားချင်းတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စုနှင့်ပတ်သက်၍ ရပ်တည်ချက်များ ကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ANP ပါတီ တာဝန်ရှိသူများက ပြောသည်။

ANP ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ တတိယမဲအများဆုံး ရရှိခဲ့သည့် တိုင်းရင်းသားပါတီဖြစ်ပြီး ဒေသတွင်း လွှတ်တော်၌ ၂၃ နေရာရရှိထားသည်။

7 Day Daily


Leave a Reply