ထိုင်းဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ် ရွေးချယ်ခံရ

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ကို မနေ့က ထိုင်းလွှတ်တော် အစည်းအဝေးမှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့ရာ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မဲအပြတ်အသတ် အနိုင်ရပြီး ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ထိုင်းလွှတ်တော်အစည်းအဝေးကို ဇွန်လ ၅ ရက် မနက် ၁၀ နာရီကနေ ည ၉ နာရီကျော်ထိ ကျင်းပခဲ့ပြီး အထက်လွှတ်တော်အမတ် ၂၅၀ ဦး၊ အောက်လွှတ်တော်အမတ် ၅၀၀ ဦးတို့ရဲ့ ဆန္ဒမဲတွေနဲ့ ရွေးချယ်ခဲ့တာပါ။ ရွေးကောက်ခံ ဝန်ကြီးချုပ်လောင်း နှစ်ဦးကတော့ ဖရန်းပချားရတ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနဲ့ အနာခုတ်မိုင် (အနာဂတ်သစ်) ပါတီ ဥက္ကဋ္ဌ နိုင်းထနားထွဏ်း ကျင်ရုန့်ရိန်းကစ်တို့ ဖြစ်ပါတယ်။ အဲဒီနောက် လွှတ်တော်အမတ် တဦးချင်းစီရဲ့ ဆန္ဒသဘောထားနဲ့ မဲပေးရာမှာတော့  ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဘက်က ထောက်ခံသူ ၅၀၀ မဲရှိပြီး နိုင်းထနားထွဏ်းဘက်က ထောက်ခံသူ ၂၄၄ မဲသာ ရရှိတဲ့အတွက် အတည်မပြုသေးတဲ့ အရေအတွက်အရ ဝန်ကြီးချုပ် ပရာယွတ်က နိုင်းထနားထွဏ်းကို အပြတ် အနိုင်ရပါတယ်။

မနေ့က လွှတ်တော်အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ၇၄၈ ဦးရှိတဲ့အနက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အဘီဆစ် ဝေ့ချာချီဝ နုတ်ထွက်သွားတာကြောင့် တက်ရောက်သူ ၇၄၇ ဦး ရှိခဲ့ပါတယ်။

အနာဂတ်သစ်ပါတီဥက္ကဋ္ဌ နိုင်းထနားထွဏ်းကတော့ ပိုင်ဆိုင်မှုဆိုင်ရာ အမှုရင်ဆိုင်နေဆဲ ဖြစ်တဲ့အတွက် လွှတ်တော်ထဲဝင်ဖို့ ကန့်သတ်ခံထားရတာပါ။ ၂၀၁၉ ထိုင်းရွေးကောက်ပွဲ ဥပဒေအရ အထက်လွှတ်တော် အမတ်ဦးရေ ၂၅၀ ကို နိုင်ငံရေး အတွေ့အကြုံရှိသူ၊ အများပြည်သူ ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်၊ အမြော်အမြင်ရှိ ပုဂ္ဂိုလ်တွေနဲ့ ကြိုတင်ရွေးချယ် ခန့်ထားရပါတယ်။ အဲဒီ အထက်လွှတ်တော်အမတ် ၂၅၀ ကို လက်ရှိအာဏာရ စစ်ကောင်စီအစိုးရက ရွေးချယ်ပေးထားတာပါ။ မနေ့ ရွေးကောက်ပွဲမှာ အထက်လွှတ်တော် အမတ် ၂၅၀ ဦးအနက် ၂၄၉ ဦးက ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို မဲပေးခဲ့ပါတယ်။  by dvb