ကော့မှူးပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်

 

ကော့မှူး ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွါးအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယမန်နေ့ ဧပြီ ၂၉ ရက်နေ့ ) နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြို့နယ်ပါတီရုံး ခမ်းမ၌ ပြုလုပ်ကျင်းပ ခဲ့သည်။

ထိုသင်တန်းကို ဧပြီ ၂၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်ကြာမြင့်ကာ သင်တန်းသူ (၈၀) ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အခန်းအနားကို အစီစဉ်များဖြင့် ဆောင်ရွက်ရာ ကော့မှူးမြို့နယ် ပါတီဥက္ကဌ ဦးရွှေဘော် (ခ) ဦးဝင်းထွန်းနိုင်မှ ယနေ့သင်တန်းကို တက်ရောက်လာကြသူများ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးခင်မင်စွာ အမြဲလက်တွဲ ဆောင်ရွက်ကြရန်၊ ယနေ့သင်ကြား ပေးလိုက်သော အသိပညာများမှ တစ်ဆင့် မိမိတို့ဒေသရပ်ရွာ အသီးသီး တို့တွင် မိမိကျရာ အခန်းကဏ္ဍအသီးသီးတို့မှနေ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ မိတ်ဘက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ၊ ပါတီဝင်တိုးပွား ရရှိရေးတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် ပြောကြား ခဲ့သည်။
သင်တန်းဆင်းပွဲတွင် စကားပြောစွမ်းရည် မြင့်မားလျက် မိမိကျရာနေရာမှနေ၍ အများအကျိုး ဆောင်ရွက်နိုင်ရန်
ရည်ရွယ်လျက် စကားပြောစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ တက်ရောက်လာကြသူ သင်တန်းသူများမှ (၁၅) ဦးမှာ
ချမှတ်ပေးထားသည့် ခေါင်းစဉ်အောက်တွင် ဆွေးနွေးကာ ပြိုင်ပွဲဝင်ခဲ့ကြပြီး၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၃) ဆုတို့အား အမှတ်တစ်ရ လက်ဆောင်ပစ္စည်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ အမှတ်တရဓါတ်ပုံများ ရိုက်ခြင်း၊ ပြည်ခိုင်ဖြိုးသီချင်းများ ဖွင့်ကာသီဆို ကခုန်ခြင်းများ ပြုလုပ်လျက် အောင်မြင်စွာ သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)