၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီ

FourFourTwo ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ချီလီအသင်းဟာ ဧည့်သည်အသင်းအဖြစ် ဖိတ်ကြားထားခဲ့တဲ့ ဂျပန်နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး ဖြစ်ရာ နာမည်ကြီး ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတိ့ဟာ လက်ရှိချန်ပီယံ ချီလီအသင်းကို ရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အုပ်စု (က)အတွင်းမှာ ဘရာဇီးလ်၊ ဘိုလီဗီယား၊ ဗင်နီဇွဲလား၊ ပီရူးတို့ ကျရောက်နေခဲ့ပါတယ်။ အာဂျင်တီးနားကတော့ အုပ်စု (ခ)မှာ ကိုလံဘီယာ၊ ပါရာဂွေး နဲ့ ဒီပြိုင်ပွဲအတွက် ပထမဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရတဲ့ ၂၀၂၀ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စု (ဂ)မှာတော့ အီကွေဒေါ၊ ဥရုဂွေး၊ ချီလီနဲ့ ဂျပန်တို့ ကျရောက်နေခဲ့ပြီး ကိုပါအမေရိကပြိုင်ပွဲမှာ ချီလီအသင်းဟာ (၂)ကြိမ်ဆက် ဗိုလ်စွဲထားခဲ့တဲ့ အသင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ (၁၄)ရက်နေ့က နေ ဇူလိုင် (၄)ရက်နေ့အထိ ဘရာဇီးလ်မှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၀၇ တုန်းက အိမ်ရှင်အဖြစ် ကျင်းပခဲ့စဉ် ဘရာဇီးလ်က ဗိုလ်စွဲခဲ့ဖူးတဲ့ မှတ်တမ်း ရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မက်ဆီ ပါဝင်ကစားမှာလားဆိုတာ အခုထက်ထိ မသိရှိရသေးပဲ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပြီးနောက် အာဂျင်တီးနားအတွက် လုံးဝမကစားပေးထားတဲ့ မက်ဆီကို ပြန်လည် ကစားပေးဖို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေတယ်လို့ သိရှိရပါတယ်။

ကိုပါအမေရိကဖလား နောက်ဆုံး (၂)ကြိမ်မှာ ဗိုလ်လုပွဲအဖြစ် ချီလီ နဲ့ အာဂျင်တီးနားအသင်းတို့ပဲ ကစားခဲ့ကြရပြီး အဆိုပါ နှစ်ကြိမ်စလုံးမှာ သာမန်ပွဲချိန်အတွင်းရော၊ အချိန်ပိုမှာပါ ဂိုးမရှိ သရေပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ချီလီကပဲ နှစ်ကြိမ်စလုံးကို အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲထားခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ်တော ဥရုဂွေးအသင်းက (၁၅)ကြိမ် ဗိုလ်စွဲထားပြီး ရပ်တည်နေခဲ့ပါတယ်။

Source: Duwun