တပ်မတော်၏ အပစ်ရပ်ကြေညာမှု တစ်လခန့်ရှိသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ မစတင်နိုင်သေးဟု တိုင်းရင်းသားအဖွဲ့အချို့ထောက်ပြ

တပ်မတော်က တိုင်းစစ်ဌာနချုပ်ငါးခု၏ နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းကြောင်း တစ်ဖက်သတ် အပစ်ရပ်ကြေညာထားသည်မှာ တစ်လခန့်ရှိသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မစတင်နိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ကိုယ်စားလှယ်များက ထောက်ပြသည်။

မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်းဟူ၍ တိုင်းစစ် ဌာနချုပ်ငါးခု နယ်မြေအတွင်းရှိ NCA မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးရန် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီး တစ်လခန့်ကြာသည်အထိ အဆိုပါတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့များအနက် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ ကယားပြည်နယ်အခြေပြု ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ကလွဲ၍ ကျန်အဖွဲ့များနှင့် တွေ့ဆုံဆွေး နွေးနိုင်ခြင်းမရှိသေးပေ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPPတို့ ဇန်နဝါရီ ၁၄ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘောဆွေးနွေးခဲ့သည်။

လက်တွေ့ကျသည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး အစိုးရအနေဖြင့် ကြိုးပမ်းရန်လိုအပ်ကြောင်း တအာင်း လက်နက်ကိုင် အဖွဲ့ (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်းက ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပသည့် (၅၆)နှစ် မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့၌ အခမ်းအနားသို့လာရောက်သည့် မီဒီယာများအား ပြောကြားသည်။

‘‘တပ်မတော်က ပြန်ထုတ်ထားတဲ့ စတိတ်မန့်ကလည်း အခုတကယ်ငြိမ်းချမ်းရေးလက်တွေ့ ကျကျ မဆွေးနွေး နိုင်သေးဘူး။ ဆိုတော့ ဆွေးနွေးနိုင်အောင်တော့ NLD အစိုးရအနေနဲ့ ကြိုးပမ်းဖို့လို တာပေါ့။ သူ့မှာလည်း တာဝန်ရှိတာပေါ့’’ဟု ဗိုလ်ချုပ် တာအိုက်ဘုန်းက ဆိုသည်။ KNPP ၏ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူနဲ့ နယ်ပလိုးက တပ်မတော်က လေးလအပစ်ခတ်ရပ်စဲရေး လုပ်ထားသည်မှာ တစ်လခန့်ရှိသော် လည်း တွေ့ဆုံဆွေးနွေးမှုများ မည်မည်ရရမရှိသေးဟု ပြောသည်။

‘‘ပြီးတော့ စစ်ဆင်ရေး ရပ်ဆိုင်းတယ်ဆိုတာကလည်း နိုင်ငံရဲ့ အနောက်ဘက်ခြမ်းကိုပါ မထည့်ထားတော့ တိုက်ပွဲဆက်ဖြစ်အောင် ဖွင့်ထားပေးနေသလို ဖြစ်တယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒီလေးလ အကန့်အသတ်အထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ အောင်မြင်နိုင်ပါ့မလားဆိုတာ မေးစရာ ဖြစ်လာတယ်’’ ဟု ၎င်းကဆိုသည်။ တပ်မတော်က စစ်ရေးလှုပ်ရှားမှု အားလုံး လေးလကျော် ရပ် ဆိုင်းပေးမည်ဟု ကြေညာခဲ့သည့် တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေ တွင် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ ရှိသည်။