အမေရိကန်ကို အရေးယူဖို့ WTO မှာ တရုတ် တင်ပြမည်

Photo: AP Photo/Mark Schiefelbein

အမေရိကန်ပြည်ထောင်စုက ပို့ကုန်တွေအပေါ်မှာ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိမယ့် အခွန်ငွေနဲ့ ကုန်သွယ်မှုဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေ ချမှတ်ခွင့်ပြုဖို့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံက လာမယ့်အပတ်မှာ တင်ပြတောင်းဆိုမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒီပြဿနာဟာ ၂ဝ၁၃ ခုနှစ်က စတင်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံဟာ သူတို့နိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မတန်တဆ ဈေးလျှော့ပြီး တင်ပို့နေတဲ့အတွက် အမေရိကန်ပြည်တွင်းက အလားတူပစ္စည်း ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေ နစ်နာနေရတယ်ဆိုပြီး ဒဏ်တပ်တဲ့အနေနဲ့ အခွန်ငွေ ကောက်ခံခဲ့ရာမှာ တရုတ်နိုင်ငံက အဲဒ်ီလိုဈေးလျှော့ရောင်းချတယ် ဆိုတာ မဟုတ်မမှန်ကြောင်း WTO ကို တင်ပြပြီး အမေရိကန်ချမှတ်နေတဲ့ ဒဏ်ငွေခွန်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။

WTO က ဒီအမှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်က ပို့ကုန်ဈေးနှုန်းဟာ အမေရိကန်ပြည်တွင်းဈေးကွက်က ပေါက်ဈေးနဲ့ တူညီမှုရှိမရှိစစ်ဆေးပြီး ၂ဝ၁၆ မှာ တရုတ်နိုင်ငံဘက်က မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့ရာမှာ အမေရိကန်အစိုးရက အဲဒီ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။ WTO က ဒီကိစ္စကို သြဂုတ်လ ၂၂ ရက်နောက်ဆုံးထားပြီး လိုက်နာဆောင်ရွက်ဖို့ အမေရိကန်ကို ရက်သတ်မှတ် ပေးခဲ့ပါတယ်။ WTO ရဲ့ ဥပဒေအရ အဲဒီ သတ်မှတ်ရက်ထက် ၂ဝ ရက် ကျော်လွန်ပြီး အမေရိကန်ပြည်ထောင်စုက လိုက်နာမှုမရှိဘူဆိုရင် တရုတ်နိုင်ငံက သူတို့နစ်နာမှုအတွက် အမေရိကန်ပြည်ထောင်စုအပေါ် အလားတူ အရေးယူမှုတွေ ပြဌာန်းနိုင်တာကြောင့် တရုတ်က အဲဒီလို ဆောင်ရွက်ခွင့်ရဖို့ အခု တောင်းခံမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက WTO ကို အခု လျှောက်ထားတောင်းဆိုမယ့် မေတ္တာရပ်ခံချက်မှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ဒဏ်ငွေကောက်ခံမှုကြောင့် သူတို့နိုင်ငံဟာ နှစ်စဉ် ဒေါ်လာ ၇ ဘီလီယံကျော် နစ်နာနေရတယ်လို့ ဖေါ်ပြထားကြောင်း သိရပါတယ်။

-Ref; RFA