ချင်းမိုင် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းများကို အပစ်ရပ် အဖွဲ့များ ထုတ်ပြန်

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး ဆွေးနွေး မည် ဖြစ်ကြောင်း NCA လက် မှတ်ထိုးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၈ ရက်မှ ၁၁ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး NCAလက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့မှ ခေါင်းဆောင် များနှင့် ကိုယ်စား လှယ်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက်မည်ဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအစည်းအဝေး အပေါ် ပြန်လည် သုံးသပ်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေး သည့် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိစ္စ ဆွေးနွေးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆာင် အချို့က ပြောကြားသည်။

အပစ်ရပ်အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌရဲဘော်သံခဲ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ၎င်း၏ အမြင်နှင့်ပတ်သက်သည့် ပြောကြား ချက်များကို ထုတ်ပြန်သည်။ ‘‘မြန်မာနိုင်ငံ အကျပ်အတည်းရဲ့ တစ်ခုတည်းသောထွက်ပေါက်က နိုင်ငံရေး ဆွေးနွေး ပွဲဖြစ်တယ်လို့ အခိုင်အမာ ယုံကြည် ပါတယ်။ ဒါကြောင့် (၁) အချက်အ နေနဲ့ နိုင်ငံအတွက် မလွဲမသွေရ အောင် အဖြေထုတ်ရမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ဆိုင်တဲ့၊ နိုင်ငံရေးသဘောတူညီချက်ကို ဆုံးဖြတ်နိုင်တဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကြား အမြန်တွေ့ဆုံ ဆုံးဖြတ်နိုင်တဲ့ ဆွေးနွေးပွဲတွေ အမြန်ထိုင်နိုင်ဖို့လိုတယ်’’ ဟု ရဲဘော်သံခဲကပြောသည်။ မြေပြင်တွင်   ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့် နိုင်ရေး နည်းလမ်းများ ရှာဖွေခြင်းနှင့် အတူ အဆိုပါလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်ရေး ကြိုးစားရမည်ဟု ၎င်းကအကြံပြု သည်။

အရေးကြီးအချက်မှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့်မူများဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ လူနည်းစုအခွင့်အရေးနှင့် ဖွဲ့စည်းပုံတွင် အာဏာခွဲဝေမှုပုံစံ စသည့်ကိစ္စများကို အတူတကွ အဖြေရှာရန် လိုသည် ဟု ရဲဘော်သံခဲက ပြောသည်။ ‘‘အဓိကအကျဆုံးကတော့ အစိုးရ၊ တပ်မတော်၊ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ)နဲ့ နိုင်ငံရေးပါတီ စတဲ့ပါဝင်ပတ်သက်တဲ့သူတွေ အားလုံး လူထုနဲ့ အနာဂတ်အကျိုး ရှေးရှုပြီး အကောင်းဆုံး၊ အသင့်တော်ဆုံး အနာဂတ်တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် ရှာစေချင်တယ်’’ ဟု ၎င်းကဆိုသည်။ အဆိုပါတိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အစည်းအဝေး မတိုင်မီ စက်တင်ဘာ ၆ ရက် နှင့် ၇ ရက်တွင် PPST အစည်းအဝေး ကျင်းပမည်ဖြစ်သည်။