ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုသင်တန်း မြန်မာနှင့် အိန္ဒိယတပ်မတော်ပူးပေါင်း ပို့ချ

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ တပ်မတော်အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို နေပြည်တော်ရှိ Park Royal ဟိုတယ် တွင် ယမန်နေ့ကဖွင့်လှစ် ခဲ့သည်။ အဆိုပါသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို သင်ကြား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။

ယင်းသင်တန်းသည် သြဂုတ် ၆ ရက်မှ ၁၇ ရက်အထိ ၁၂ ရက် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က အဖွင့် အမှာစကား ပြောကြားသည်။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ တပ်မတော်များအကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများ ကို ၂၀၁၆ တွင် စတင်ခဲ့သည်။ ထို့ နောက် ၂၀၁၇ တွင် နှစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ် ပြုလုပ် ခဲ့သည်။