နိုင်ငံ့တာဝန်ထမ်းရမှာမို့လို့ စပါးကို တောင်းပန်ခဲ့တဲ့ ဆွန်ဟောင်မင်

ပရီးမီးယားလိဂ်ရာသီသစ် စတင်မယ့်ရက်သတ္တပတ်မှာပဲ တောင်ကိုရီးယားအသင်းနဲ့အတူ အာရှဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေတဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်က စပါးအသင်းကို တောင်းပန်စကားဆိုခဲ့ပါတယ်။

အာရှအားကစားပြိုင်ပွဲက သြဂုတ် 14 ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒါဟာ စပါးအတွက် နယူးကာဆယ်နဲ့ ကစားရမယ့် ရာသီအဖွင့်ပွဲအပြီး 3 ရက်အကြာမှာဖြစ်ပါတယ်။ အသက် 26 အရွယ် ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းရဲ့ ပြိုင်ပွဲမှာရှေ့ရောက်မှုအပေါ်မူတည်ကာ စပါးရဲ့ရာသီအဖွင့်ကာလကို လွဲချော်မှာဖြစ်ပြီး နယူးကာဆယ်၊ ဖူလ်ဟမ်၊ မန်ယူ၊ ၀က်ဖို့ဒ်တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားဥပဒေအရ စစ်မှုထမ်းခြင်းကနေ ရှောင်လွှဲဖို့အတွက် အာရှဖလားမှာ ချန်ပီယံဖြစ်ဖို့ လိုအပ်နေပြီး တောင်ကိုရီးယားအသင်းကလည်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် အစွမ်းကုန် ပြင်ဆင်နေတာပါ။

မကြာသေးခင်ကမှ စပါးအသင်းနဲ့ 2023 ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဆွန်ဟောင်မင်က”အသင်းကို ကျွန်တော်တောင်းပန်သင့်ပါတယ်။ အချိန်ခဏလောက် အဝေးကို ရောက်နေမှာဖြစ်လို့ အသင်းနည်းပြနဲ့ ကျွန်တော့်ရဲ့ ကစားဖော်တွေကို တောင်းပန်ရမှာပါ။ ကျွန်တော့်ရဲ့ ဟာကွက်ကို ကစားဖော်တွေက ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်ဆိုတာတော့ ယုံကြည်ထားပြီးသားပါ။ ဒါပေမဲ့ ရာသီစတင်တဲ့ အချိန်ကျမှပဲ အသင်းနဲ့ ဝေးနေရတဲ့ အပေါ်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ အာရှဖလားကနေ ပြန်လာတာနဲ့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်သွားဖို့လည်း ကျွန်တော်ပြင်ဆင်ထားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအတွက် အဓိကကျသူ တစ်ဦးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ 37 ပွဲ ပါဝင်ကစားကာ 12 ဂိုး သွင်းယူပေးခဲ့ပါတယ်။

-Ref; Sky sports